ဝါဆိုစဉ် စာအလင်္ကာများ

မောင်လူမွှေး(မြန်မာမှု)

ပုဂံခေတ်မှစ၍ ဘုရားပုထိုး ဂူကျောင်းပြာသာဒ် အရပ်ရပ်တွင် ရာသီပွဲတော်များ အကြောင်းအရာတို့ကို နံရံဆေးရေးပန်းချီဖြင့် ဖော်ပြလာခဲ့ကြရာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်။ ထိုအကြောင်း အရာများအနက် ဝါဆိုလအကြောင်းသည်လည်း ပါဝင်လေသည်။ ပုဂံတွင်ရှိသော ဥပါလိသိမ်တွင် ဗုဒ္ဓဝါဆိုစဉ်ကို ဝါစဉ်အလိုက် ရေးခြယ်ထားသည်ကို တွေ့ရပါသည်။ ထိုနံရံဆေးရေးပန်းချီပုံများကို ကုန်းဘောင်ခေတ်တွင် ထပ်မံအရောင်ဖြည့်သွင်း ထားသည်ဟု သိရပေသည်။

စာပန်းချီ၊ စာအလင်္ကာများ ပေါ်ပေါက်

ဗုဒ္ဓဘာသာထွန်းကားလာသည်နှင့်အမျှ မြန်မာပြည်အနှံ့ ဒေသအသီးသီးရှိ သာသနိကအဆောက်အအုံများတွင် ဝါဆိုစဉ် ရုပ်လုံး၊ ရုပ်ကြွတို့ရှိသလို စာပေအနေဖြင့်လည်း စာပန်းချီ၊ စာအလင်္ကာများ ပေါ်ပေါက်လာခဲ့လေသည်။ ၎င်းတို့ကို လက်လှမ်းမီသလောက် သက္ကရာဇ်စဉ်နှင့်ဖော်ပြပါမည်။ အစောဆုံးမှတ်တမ်းအရ တွေ့ရသောစာမှာ- ပင်းယခေတ် စတုရင်္ဂဗလအမတ်ကြီး (၆၇၅ - ၇၃၅ ခန့်) ရေးသား သော “ဝဿက္ကမသင်္ခေပ” ဘုရာရှိခိုးဂါထာပါဌ် နိဿယဖြစ်လေသည်။ ခုနစ်ပိုဒ်ပါရှိပေသည်။

ပင်းယခေတ်နောက် အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တစ်လျှောက် မြန်မာစာပေလောကတွင် အလွန်ထင်ရှားကျော်ကြားတော်မူကြသည့် ရဟန်းစာဆို၊ လူစာဆိုပုဂ္ဂိုလ်ကျော်တို့ ပေါ်ပေါက်ခဲ့ကြပါသည်။ သို့သော် ဝါဆိုစဉ်စာ အလင်္ကာများကိုမူ မတွေ့ရဟုဆိုရပါမည်။ ပေါ်ပေါက်ခဲ့ပါလိမ့်မည်။ သို့သော် မှတ်တမ်းမှတ်ရာ အနေဖြင့်မတွေ့ရပေ။ ရှိခဲ့ပေါ်ခဲ့သော်လည်း ကျမ်းဂန်ကျနမှုမရှိကြောင်းကို ကုန်းဘောင်ခေတ် စိန္တကျော်သူဦးဩ၏ ဝါဆိုစဉ်ရကန်က သက်သေပြလျက်ရှိပေသည်။

ရကန်စာပေဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အကျောက်အကန် အချေအတင်ပြု၍ ရေးကြသည့် စာပေအမျိုးအစားဖြစ်ပေသည်။ စာဆိုစိန္တကျော်သူ (၁၀၉၈-၁၁၃၃)သည် ၄-ပိုဒ်ထိကို ဗုဒ္ဓဝါဆိုရာဒေသ ကျောင်းနေရာဒေသဌာနများကို ပြသွားသည်။ လေးပိုဒ်မြောက်တွင် ဝိဘင်းကျမ်းနှင့် ညှိသည်ဟု ပိဋကတော်ကိုလည်း ညွှန်းထားလေသည်။ ငါးပိုဒ် မြောက်တွင် -
“လောကသုံးဦး ခေါင်မှန်ဖူး၏ ကျေးဇူးစာ၊ ရှေးကဆိုဟန် အတန်တန်သည် ရကန်ရတုမှာပင်။

ကျမ်းနှင့်စာညီလာဘဲ၊ ဘီးကိုရှင်မှာ မတင်သာသည် တောင်ယာနှင့် ခနွှဲသို့။ အလွဲလွဲအချွတ်ချွတ်၊ ပညာနည်းသူ ထိုအောက်လူတို့ အယူဝါဒ လွတ်ချိမ့်။
ရှေးစာချွတ်လည်း တည့်မတ်အောင်၊ အာဇာနည် လူယှဉ်မပြူသည် ငါ့တူမင်းရွှေတောင်က။

ယဉ်လှအောင် စပ်ဆိုဘိ၊ လင်္ကာပုဒ်တွင် သာရအင်နှင့် ရှင်ပင်မိန့်တော်ရှိ၍။ 


စံကဝိလူပုဂ္ဂိုလ်၊ နိဂုံးနှင့်တကွ ပဉ္စမကို ပဒပြည့်အောင်ဆိုရှင့်။

ရကန်ချိုပေါ်သစ်စ၊ ကျမ်းနှင့်ညီအောင် နိဒါန်းဆောင်သည်၊ ရွှေတောင်ဂါမော်ကတည့်လေး။”

ဟု ရေးဖွဲ့ထားလေသည်။ စာ၏ဆိုလိုချက်မှာ ရှေးကဝါဆိုစဉ် စာပေများရှိခဲ့ကြသည်။ သို့သော်လည်း ပိဋကကျမ်းဂန်နှင့်မညီမညွတ် တောင်ယာတွင် ခနွှဲသုံးသည်ဆိုသည်မျိုး၊ ရှင်သာမဏေကဘီး (ခေါင်းဘီး) သုံးသည် ဆိုသည်မျိုးလို အလွဲလွဲအချွတ် ချွတ်ဖြစ်နေသည်။ ဤသို့လွဲချော်နေမှုကို ဦးလေးဖြစ်သူ လင်္ကာသာရ (နောင် - တွင်းသင်းမင်းကြီး ဦးထွန်းညို) က ကျမ်းဂန်နှင့်အညီရေးစေ၍ ဝါဆိုစဉ် နှင့်ပတ်သက်လျှင် သူ့စာသည်သာ အကောင်းဆုံး(စံ-ကဝိလူပုဂ္ဂိုလ်)ဖြစ်သည်ဟု ကိုယ်ရည်သွေးရေးဖွဲ့ထားသော စာဖြစ်လေသည်။

စိန္တကျော်သူဦးဩ နောက်ပိုင်း ဝါဆိုစဉ်ဆိုင်ရာ စာပေများကို ပါဠိ- နိဿယသွား လင်္ကာသွားအနေ ဖြင့်လည်းကောင်း၊ လင်္ကာသက်သက်ဖြင့် လည်းကောင်း ရေးဖွဲ့လာကြပေသည်။

ဒုတိယမဲထီးဆရာတော် ရှင်ကဝိ (ကဝိန္ဒာဘီ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု) (၁၁၀၉-၁၁၉၆)၏ မာလာလင်္ကာရ ဗုဒ္ဓဝင်ကျမ်းတွင် ဝါဆိုစဉ်များကိုဖော်ပြပြီး ပိဋကတော်ကျမ်းညွှန်းများကို ဖော်ပြထားလေသည်။ စကားပြေဖြစ်သည်။

မုံရွေးဇေတဝန်ဆရာတော်(၁၁၂၈-၁၁၉၀)က သမန္တစက္ခုဒီပနီကျမ်းတွင် “တက်ထွန်းကျက်သရေ... သုံးလူ့ဆွေကား၊ အောင်မြေသီရိ၊ ဗောဓိသမီပ၊ ရပ်ဌာန၌…” အစချီ၍ ရေးဖွဲ့ခဲ့လေသည်။ မုံရွေး ဆရာတော်ပင် ရေးစပ်သီကုံးသည်ဟု မှတ်တမ်းပြု သော “မိဂဒါခေါ်၊ တောရပ် ကျော်ဝယ်၊ ဝါတော် ပထမ၊ ကပ်ချဉ်းစ၏...” အစချီ ဝါဆိုစဉ် ဘုရားရှိခိုး ကိုလည်း တွေ့ရပေသည်။

ဆရာတော်ဦးဗုဓ်(၁၁၄၉-၁၂၀၄)သည်လည်း ဝါဆိုစဉ်ပါဠိနိဿယဂါထာပါဌ် ၅-ပုဒ်ကို ရေးစပ်တော်မူခဲ့လေသည်။

အလွန်ထူးခြားကောင်းမွန်

ဒုတိယမောင်းထောင် (၁၁၆၀ - ၁၁၂၅ ခန့်) သာသနာပိုင်ဆရာတော် ရေးဖွဲ့တော်မူသော “ဝါသမာလိနီကျမ်း” မှာမူ အလွန်ထူးခြားကောင်းမွန် လှပေသည်။ ဂါထာပုဒ်ရေ ၆၀ - ရေးစပ်ထားသည်။ ထိုဂါထာများမှာ ပါဠိအရေးအသားဆိုင်ရာ ကဗျာဗန္ဓ တွင် ထေရဝါဒဖြစ်သော အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပါဠိပညာရှင်ကြီးများပင် ဤကဲ့သို့ အဆင့် အတန်းမြင့်သော ပါဠိအရေးအဖွဲ့မျိုး မဖွဲ့နိုင်ဟု တိပိဋကမင်းကွန်းဆရာတော်ကြီးက အံ့ဩဘနန်း ချီးမွမ်းခန်း အကြိမ်ကြိမ်ပြုတော်မူသည့် ကျမ်းမြတ်ဖြစ်ပေသည်။

မြန်မာလို ဥပမာပြု၍ဖော်ပြပါက ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ရှစ်ဆယ်ပေါ်-ရတု၊ တေးထပ်၊ လေးချိုးကြီး စသည်ဖြင့် မြန်မာ့ကဗျာအဆင့်ဆင့်မြင့်တက်ရေးဖွဲ့မှုမျိုးဟုဆိုရပါမည်။

ထိုကျမ်းနိဂုံးတွင် ကုန်းဘောင်ခေတ် ပုဂံမင်းနှင့် မင်းတုန်း၊ ကနောင်ညီနောင်မင်းတို့၏ တိုင်းရေးပြည်ရာ မြှုပ်ကွယ်ပျောက်ပျက်နေသော အကြောင်းအရာ ကိုသိရပေသည်။ ဤကျမ်းသည် ပြည်တွင်းရေး (နန်းတွင်းရေး) ပြဿနာဖြစ်နေသောအခါ ဝါဆိုဖို့ရာ အခက်အခဲရှိလာရာမှ ပေါ်ပေါက်လာသော ကျမ်းမြတ်တစ်ဆူဖြစ်ပေသည်။

ကျီးသဲလေးထပ်ကျောင်းဆရာတော် (၁၁၇၉-၁၂၅၆) ၏ ဇိနတ္ထပကာသနီကျမ်းတွင် အဋ္ဌကထာ ပါဌ်ညွှန်းထားပြီး “သုံးလူ့သခင်၊ ငါးမာရ်သင်၍....” အစချီရေးဖွဲ့ထားလေသည်။

ကြည့်ကန်ရှင်ကြီးမေး၍ ကျီးသဲလေးထပ်ဆရာ တော်ဖြေဆိုသော စွယ်စုံကျော်ထင်ကျမ်းတွင် ပုစ္ဆာအမှတ် ၅၀၀ ၌ “ပလလဲစပ်၊ တောမြိုင်ရပ်၊ ဝါကပ်ကျောင်းတော်ရှိလိမ့်နည်း” ဟူသောအမေး ကို အဋ္ဌကထာ(အပါဒါန်+ဓမ္မပဒ)များကို ညွှန်းဆို၍ ဝါကပ်ရာကျောင်းသင်္ခမ်းမရှိဟု ဖြေဆိုထားသည်မျိုးကိုလည်း လေ့လာသိရှိရပေသည်။

ဂုဏ်အလင်္ကာအထူးမြောက်လှ

ကင်းဝန်မင်းကြီးသို့ “မှတ်ပါရစ်စေ မှာခဲ့ပေအံ့ အစချီ၍… ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တစ်တွေသည် သေသော်မှတည့် ဪ…ကောင်း၏” ဟု နိဂုံးချုပ်ရေးသားခဲ့သော ဆီဘန်းနီ ဆရာတော် (၁၁၇၃-၁၂၅၀)သည်လည်း ဝါဆိုစာအလင်္ကာ ရေးဖွဲ့တော်မူခဲ့ပေသည်။ ပါဠိနိဿယ ဖြစ်ပါ၏။ နိဿယမှာ လင်္ကာသွားဖြစ်၍ ဂုဏ် အလင်္ကာအထူးမြောက်လှပါသည်။ ဂါထာ ၂၃ -ပိုဒ် ရှိသည်။ ဝဿက္ကမစက္ကဝန္ဒနာဟု နာမည်ကြီးသော နိဿယအဖွင့်ဖြင့် ထင်ရှားပေသည်။

တောင်ခွင်ဆရာတော်(၁၂၀၆-၁၂၆၅)ကလည်း ဂုဠှတ္ထဝိနိစ္ဆယကျမ်းတွင် စကားပြေ၊ လင်္ကာနှစ်ထွေရော၍ “အတိုင်းမသိကျေးဇူးရှိသည့်၊ မုနိသကျ၊ ဂေါတမကား…” အစချီရေးဖွဲ့ထားလေသည်။ ထိုကျမ်းမှာ ပိဋကဆိုင်ရာစာပေ အယူအဆများ ဆုံးဖြတ်ချက်ကျမ်းဖြစ်ရာ အဋ္ဌကထာဋီကာကျမ်းများဖြင့် ညှိ၍ ဝါဆိုစဉ်ကိုရေးသားကြောင်း နိဒါန်းခံထားပေသည်။

မန်လည်ဆရာတော်(၁၂၀၃-၁၂၈၂)ကမူ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်း သာသနာ့ သန္တိကေ နိဒါန်းပိုဒ်ရေ-၅၇၃ တွင် သဟမ္ပတိ ဗြဟ္မာမင်း တောင်းပန်လျှောက်ထားသည်မှစ၍ ဝါတော်အဆုံးအထိ ရေးဖွဲ့ထားလေသည်။ ဗုဒ္ဓဝင် အကျဉ်းကဲ့သို့ ရေးဖွဲ့ထားရာ အလွန်ကြည်ညိုဖွယ် ကြည်နူးဖွယ်ဖြစ်ရပါသည်။ ရွတ်ဆို၍ကောင်းလှသည့် လင်္ကာသွားဖြစ်ပါ၏။

ထို့နောက် ဗိုလ်ကလေး ဦးသက်ရှည် (၁၂၃၇-၁၃၁၆) ဝါတော်စဉ် စာအလင်္ကာကို ရေးဖွဲ့ရာ လေးချိုး၊ တေးထပ်၊ ရတု၊ သဖြန် စသည်ဖြင့် ဗုဒ္ဓ ဝါဆိုရာနေရာတော်များကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်၍ ရေးဖွဲ့ထားလေသည်။ ဗိုလ်ကလေး ဦးသက်ရှည်သည် ဝါဆိုစဉ် စာအလင်္ကာများကို ရေးဖွဲ့ခဲ့သလို ဝါဆိုရာဌာန အိန္ဒိယဘုရားဖူးခရီးသွား နတ်လမ်းညွှန်ကိုပါ စာအုပ်အတွဲလိုက် ရေးသားထုတ်ဝေခဲ့ပေသည်။ ထို့ပြင် ဝါဆိုစဉ်ရုပ်ရှင်ကိုပါ ရိုက်ကူးခဲ့ကြောင်း သိရပေသည်။

အမည်မသိ စာဆိုတော်တစ်ဦးကမူ ဘုရားကိုးဆူ ဆွမ်းတော်ကပ်ဝါဆိုစဉ်အမွှမ်းကို သတ္တ သတ္တနဝစာလီ ဌာနေတော်များကြွမြန်းပြီး တဖုဿ၊ ဘလ္လိက ညီနောင်နှင့်တွေ့ဆုံရာမှ စတင်ကာ ရေးဖွဲ့ထားလေသည်။

ဘုရားကိုးဆူဆွမ်းကပ်သည် ကုန်းဘောင်ခေတ် အလောင်းဘုရားလက်ထက် နောက်ပိုင်းမှ ယိုးဒယားမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ယဉ်ကျေးမှုဖြစ်ပေသည်။

ဘုရားကိုးဆူ ပူဇော်နည်းကို ကျီးသဲလေးထပ် ဆရာတော်က ရေးသားခဲ့ရာ လွပ်လပ်ရေးမရမီလောက်က ရေးဖွဲ့ခဲ့သောစာဖြစ်မည်ဟု သုံးသပ်ရပါသည်။

ပျို့အနေဖြင့် ရေးဖွဲ့ထား

ဤသို့ ဝါဆိုစဉ် စာအလင်္ကာများကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ရေးဖွဲ့ခဲ့ကြရာ စာဆိုတစ်ဦးက ပျို့အနေဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။ ပျို့စာပေစာရင်းစုတွင် မတွေ့ရသောစာဖြစ်သည်။ ၉-ကြောင်းပေမူ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် အမှတ်စဉ်(၆၂၄၆) ၁၃ -ရွက်၊ ၁၂၅၇ တွင် မောင်လူလှ ဆိုသူက ရေးကူးသည်ဟုဖော်ပြပါသည်။ ရှေးကျ သောစာမူတစ်ခုဖြစ်ပေသည်။

နောင် သုတေသီများအနေဖြင့် ပျို့ဆိုင်ရာစာပေ စုတွင် စာရင်းသွင်းနိုင်ရန်ဖြစ်ပါသည်။ ဝါဆိုပွဲနှင့် ဝါဆိုစဉ်အကြောင်းအရာသည် ဗုဒ္ဓဘာသာတည်ရှိသရွေ့ တည်မြဲနေမည်ဖြစ်သော မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပေသည်။

မန်လည်ဆရာတော်ကြီး၏ ဝါဆိုစဉ်အလင်္ကာကို စာရှုသူများ ကြည်ညိုပွားနိုင်ရန်တင်ပြ၍ နိဂုံး ပြုအပ်ပါသည်။

“ရှေးကတန္တီ၊ ပဝေဏီဖြင့်၊ နည်းမှီထုံးစံ၊ အနှုန်းခံမှ၊ သဟံဗြဟ္မာ၊ ခွင့်ပန်ထွာ၍၊ ယူဇနာဆဲ့ရှစ်၊ ကွာလစ်ဓွန့်တာ၊ မိဂဒါသို့၊ ဒေသစာချီထ၊ နေ့ခြင်းကြွပြီး၊ ပုဏ္ဏရက်ဝါ၊ လနွယ်တာနှိုက်၊ မင်္ဂလာချမ်းမြေ့၊ စနေနေ့ဝယ်၊ ဘုန်းဟေ့မြတ်မွန်၊ မြတ်ရွှေဉာဏ်ဖြင့်၊ အပြန် သုံးခါ၊ ခြင်းရာဆဲ့နှစ်၊ စတုသစ်တည့်၊ ဘွင့်လှစ် နဲနက်၊ ဓမ္မစက်ကို၊ ဘဝဂ်နရက်၊ အောက်ထက် ကြေညာ၊ ဟောလှည့်ကာလျှင်၊ ဗာရာဏသီ၊ ဝါကပ်မှီ၏၊ ဒုတိယတတိယ၊ စတုတ္ထနှင့်၊ သတ္တရသာ၊ ဝါတော်ဆင့်တိုး၊ နှစ်ဆယ်ဖြိုးအောင်၊ လူမျိုးမှီခို၊ ရာဇဂြိုဟ်ဝယ်၊ ခေါက်ကြိုတုံ့ပြန်၊ ငါးတန်ဝဿ၊ ဝါတော်မျှ၏၊ ပဉ္စမမှာ၊ ပြည်ဝေသာနှင့်၊ ခြောက်ပါမကုလ၊ သတ္တမကား၊ သက္ကပုရိန်၊ တာဝတိန်ထက်၊ ဒေဝိန်ဌာန၊ ရှစ်ဝါရနှိုက်၊ ဘဂ္ဂတိုင်းသာ၊ ကိုးဝါ တုံပြီ၊ ကောသမ္ဘီန ဂရ၊ ဒသမသော်၊ ရှင်တော် ဘော်နည်း၊ တပါးတည်းဖြင့်၊ ပလလည်း တောရပ်၊ တထပ်နောက်မှာ၊ ဆဲ့တဝါမူ၊ နာဠာ ဂါမ၊ ဒွါဒသနှိုက်၊ ဝေရဉ္စပြည်၊ တမည်ပေါင်းရုံး၊ ဆဲ့သုံးဆဲ့ရှစ်၊ ဆဲ့ကိုးစစ်ကား၊ တွင်လစ်သညီ၊ စာလီပဗ္ဗတ၊ စုဒ္ဒသမှ၊ ဇေတကျောင်းသာ၊ ဆဲ့ငါးဝါကို၊ ရွှေချက်သိုသည့်၊ ကပိုလ်ပြည်ကြီး၊ စံပျော်မှီး၏၊ ထိုပြီးနောက်မှာ၊ ဆဲ့ခြောက်ဝါသော်၊ အာဠဝီပြည်မ၊ ဤသို့ပြသား၊ ပထမဗောဓိ၊ ဝီသတိဝယ်၊ အနိဗဒ္ဓ၊ မြဲမမျှဘဲ၊ ဒေသစာရီ၊ ရောက်ရာမှီ၍၊ ထိုဤပြည်ရပ်၊ ဝါတော်ကပ်၏၊ 

နောက်ထပ်ပစ္ဆိ၊ ဗောဓိမည်ပေး၊ နှစ်ဆဲ့လေး ကား၊ ရှေးသို့ဘုန်းမော်၊ စိတ်တော်မညွှတ်၊ ပြည်သာဝတ်တွင်၊ နိဗ္ဗဒ္ဓဝါ၊ အရာမရွေ့၊ အရှေ့ ရွှေဘုံ၊ ပုဗ္ဗာရုံနှင့်၊ မြေခုံဌာန၊ ဒက္ခိဏဟု၊ 

နာမသမိုက်၊ တောင်တိုက်ဇေတဝန်၊ ကျောင်း နှစ်ဌာန်ဝယ်၊ လှည့်ဘန်ဝါရ၊ အစဉ်မျှတည့်၊ ပစ္ဆိမအခါ၊ ဝေဠုရွာနှိုက်၊ ဝါတော်အဆုံး၊ ဝေနေသုံးကို၊ သိမ်းကျုံးချွတ်ကယ်၊ ကပ်စမ္ပယ်သည်။ လေးဆယ်ငါးဝါ့တွက်ရေတည်း”။     ။