ဝါးခယ်မမြို့နယ် ဆေးရုံရပ်ကွက် မြူရုံးလမ်းအား  ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ဝါးခယ်မ ၁၄ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်  ဆေးရုံရပ်ကွက် မြူရုံးလမ်းအား ဒေသခံပြည်သူများ ဖြတ်သန်းသွားလာမှု အဆင်ပြေချောမွေ့စေရန် သြဂုတ် ၁၃ ရက် နံနက်က ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ထပ်တိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းမှာ မြို့နယ်အတွင်း ဒေသခံပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အဓိက ဖြတ်သန်းသွားလာလျက်ရှိသောလမ်းဖြစ်ပြီး ယခင်က ကတ္တရာလမ်းပျက်စီးနေမှုကို အဆင့်မြှင့်တင်၍ ကွန်ကရစ်လမ်းခင်းခြင်း ဖြစ်ကြောင်း သိရသည်။

ကွန်ကရစ်လမ်းခင်းရာတွင် ရွာလယ်ရပ်ကွက် သဲကွင်းထိပ်မှ ဆေးရုံရပ်ကွက်ထိပ်အထိ အရှည် ၇၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၅၀၄ သိန်း ၃ သောင်းကျပ်ဖြင့် သော်ဇင်သန့်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယခု ထပ်တိုး၍ ကွန်ကရစ်လမ်းခင်းရာတွင် ဆေးရုံရပ်ကွက်ထိပ်မှ ရေကျော်ရပ်ကွက် ဂုံးတံတားအထိ အရှည် ၃၂၃ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ သိန်း ၂၁၀ ဖြင့် ထူးထက်မြတ်သာကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

လွှမ်းသီဟ  (ပြန်/ဆက်)