ဝန်ကြီးချုပ် ဦးလှမိုးအောင် နည်းစနစ် ၄ မျိုးဖြင့် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းကို ကြည့်ရှု

ပုသိမ်  ၂၁ ဩဂုတ်  


ဧရာဝတီတိုင်းဒေသကြီးအစိုးရ အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာများဓာတ်ခွဲ စမ်းသပ်လေ့လာခြင်း၊ စံပြဧကကွက်များဖော်ထုတ်ခြင်း၊ အထွက်တိုးမျိုးကောင်း မျိုးသန့်များဖြန့်ဝေခြင်း၊ လယ်ယာဝန်ဆောင်မှုစင်တာများ တည်ထောင်ခြင်း၊ လက်မှုလယ်ယာမှ စနစ်ကျစက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဩဂုတ် ၂၀ ရက်နေ့က မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ ကွင်းအမှတ်(၂၁၈/၁၅၃၆)၊ဦးပိုင်အမှတ်(၁၂/၄) ရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏ လယ်မြေ (၇.ဝ၀) ဧကတွင် သက်လျင်/သက်လတ် စပါးမျိုးများ မျိုးယှဉ်ပြိုင် စိုက်ပျိုးထားရှိမှု၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းစမ်းသပ်စိုက်ပျိုးထားရှိမှု၊ ထုံးစမ်းသပ် ထည့်သွင်းစိုက်ပျိုးထားရှိမှု၊ SRI စနစ်၊ ဘောင်ပျိုးစနစ်၊ ကြဲခင်းစနစ်၊ Seeder စနစ်စသောစိုက် နည်းစနစ် (၄)မျိုး စိုက်ပျိုးမှုအပေါ် အထွက်နှုန်းကွာခြားမှုအား တောင်သူများနှိုင်းယှဉ်သိရှိနိုင်ရန် စိုက်ပျိုးထားရှိမှု အခြေအနေများအား လှည့်လှယ်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်မှန်ကန်၍ စပါးအထွက်နှုန်းတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မောင်မောင်မြင့်(ပြန်/ဆက်)