ဝန်းသိုမြို့နယ် ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းစတင်ဖောက်လုပ်

ဝန်းသို ဒီဇင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဆပ်သွားကျင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မူလမြေသားလမ်းအား လမ်းချဲ့ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၉ ရက်က စတင်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ ဦးဆောင်မှုဖြင့် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

"ကျနော်တို့ကျေးရွာက ကုန်းတွင်းပိတ်ကျေးရွာတစ်ရွာဖြစ်ပြီး တောင်ကုန်းတောင်တန်းများကို ဖြတ်သန်းသွားလာရတဲ့အတွက် သွားရေးလာရေးမှာ အလွန်ခက်ခဲမှုရှိသလို မူလ​ရှိတဲ့မြေသားလမ်းက ဆိုင်ကယ်လမ်းသာသာ လှည်းလမ်းမျှရှိတာကြောင့် လယ်ယာထွက်ကုန်တွေကို စျေးကွက်ထဲ လျင်လျင်မြန်မြန်ရောက်ဖို့ တောင်သူတွေအတွက် အခက်ခဲလည်းရှိပါတယ်။ အခု အကျယ် ၁၂ ပေရှိ လမ်းသားချဲ့ခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံ​ငွေနဲ့ ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေးလက်ဦးစီးဌာနကို အလွန်ကိုကျေးဇူးတင်ရှိပါတယ်"ဟု ကော်မတီဝင်တစ်ဦးက ပြောသည်။

 

ဆပ်သွားကျင်းကျေးရွာ မြေသားလမ်းချဲ့ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း(၁၀၀)ဖြင့် အကျယ် ၁၂ ပေ၊ အရှည် (၁)မိုင်ခန့် ဖောက်လုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၃၂)အိမ်၊ လူဦးရေ (၁၅၄)ဦးတို့အတွက် သွားရေးလာရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်အတွင်း (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ကျေးရွာပေါင်း ၇ ရွာ၌ လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

မြို့နယ် (ပြန်/ ဆက်)