ဝန်းသိုမြို့နယ်တွင် ရွာတွင်းဘီးနင်းကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ဝန်းသို  ၂၁  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ၊ မော်နိုင်းအုပ်စု ၊ အင်ပင်ကျေးရွာတွင် ရွာတွင်းလမ်းများအား ဘီးနင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးမြတ်မျိုးထွန်း၊ အငယ်တန်း အင်ဂျင်ယာ -၂ ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘီးနင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ်သိန်း ၁၀ဝနှင့် ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁၈ သိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီက တာဝန်ယူ၍ ကျေးရွာ လူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ အဆိုပါ လမ်းအရှည်ပေ ၁၇၀ဝ၊ အကျယ် ၃ ပေနှစ်ဘက် ၊ ထု ၆ လက်မအထိ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

 

အင်ပင်ကျေးရွာတွင် ဘီးနင်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအပြင် ကျေးရွာပြည်သူ ပူးပေါင်းညီညွတ်မှုဖြင့် အခြားလမ်းသွယ်များကိုလည်း ဂျင်းမြေခင်းခြင်းလုပ်ငန်း အရှည်ပေ ၁၉၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မထိ ဆောင်ရွက်နိုင်ခဲ့သဖြင့် အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၂၁၉ ဦးတို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် များစွာအထောက်အကူပြုနိုင်ပြီး သွားလာရေး အဆင်ပြေသွားပြီ ဖြစ်ကြောင်း ကျေးရွာဖွံဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်ဝင်းထံမှ သိရသည်။

 

ကျော်မြိုင်(ပြန်/ဆက်)