ဝန်ထမ်းအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ရာထူးအဆင့်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်  ၁၄  နိုဝင်ဘာ

 

ဝန်ထမ်းအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ရာထူးအဆင့်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိခြင်းနှင့် အလွဲသုံးစားပြုလုပ်၍ ကျူးလွန်ဖောက်ဖျက်ပါကလည်း သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြောသည်။

 

“နိုင်ငံ့ဝန်ထမ်း ယန္တရားအတွင်း ကြိုးနီစနစ် လျှော့ချရေးနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်း သိလိုခြင်း” နှင့် စပ်လျဉ်း၍ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ မေးမြန်းမှုကို  ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက “မေးခွန်းနှင့် ပတ်သက်၍ အပိုင်း ၂ ပိုင်းခွဲ၍ ရှင်းလင်းဖြေကြားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်၏ ပင်မဂုဏ်ရည် တစ်ခုဖြစ်သော လုပ်ပိုင်ခွင့် အာဏာကို အောက်ခြေရောက်သည်အထိ အဆင့်ဆင့် ခွဲဝေချထားပေးသည့် လုပ်ဟန်နှင့် စပ်လျဉ်း၍ ပထမပိုင်းအနေဖြင့်  ဗဟိုချုပ်ကိုင်မှုများ ဖြေလျော့ဆောင်ရွက်ခြင်း (Decentralization) တွင် လုပ်ငန်းစဉ် ၄ ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး၊ ရာထူးအဆင့်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိခြင်းနှင့် အလွဲသုံးစားပြုလုပ်၍ ကျူးလွန်ဖောက်ဖျက်ပါကလည်း သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။

 

ဒုတိယအပိုင်းဖြစ်သည့် လုပ်ပိုင်ခွင့်အာဏာကို အောက်ခြေရောက်သည်အထိ  အဆင့်ဆင့် ခွဲဝေချထားပေးသည့် လုပ်ဟန်နှင့် ပတ်သက်၍ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခြင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ အငြိမ်းစား ခံစားခွင့်ပြုခြင်း စသည့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို တပြေးညီ လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၈ ရက်တွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်တွင် လည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါကြောင်း။

 

ထို့အပြင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ရာထူးအဆင့်အလိုက် သင်တန်းများဖွင့်လှစ်၍ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ ဘာသာရပ်တို့ကို ပို့ချပေးခြင်းဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အသိတရားများ ထွန်းကားပြန့်ပွားပြီး ပြည်သူ့ဝန်ကို ထမ်းလိုသည့် စိတ်ဓာတ်ဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ရှင်းလင်းဖြေကြားသည်။

 

MDN