ဝန်ထမ်းကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည့်ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စတုတ္ထ (၁) နှစ်တာ

ရှင်မင်း၊ ဓာတ်ပုံ- ကေကေ၊ UCSB

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွက် ဝန်ထမ်းကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်း ကဏ္ဍအတွင်း ရိုးဖြောင့်မှု၊ စိတ်အားတက်ကြွမှု၊ တာဝန်ကျေပွန်မှုနှင့် အရည်အချင်းကို အခြေခံဆောင်ရွက်မှုများ ပွားများလာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးပြည့်ဝမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် စတုတ္ထ (၁)နှစ်တာကာလ အပါအဝင် လေးနှစ်တာကာလအတွင်း ဖော်ဆောင်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း လေ့ကျင့်ရေးမူဝါဒ (Civil Service Training Policy) ကို စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ထုတ်ပြန်နိုင်ခြင်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြုပြင်ပြောင်းလဲဆောင်ရွက်မှု များထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒကို ဝန်ထမ်းများအား သတ်မှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်သိက္ခာများနှင့်အညီ စနစ်တကျလေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့အတူ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် အစိုးရအဖွဲ့များ ရွေးကောက်ပွဲနှင့်အညီ ပြောင်းလဲနေသော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ပြေးညီဖြစ်စေရေးအတွက် “မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်” ကို ၂၀၁၉ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်းကျနပြီး တညီတညွတ်တည်း ဖြစ်စေရေးနှင့် ပိုမိုထိရောက်ထက်မြက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ရုံးလုပ်ငန်းလက်စွဲ စာအုပ်ကို ခေတ်နှင့်အညီ လိုအပ်ချက်အလိုက် ပြင်ဆင်ထုတ်ဝေရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ စီစဉ်လျက်ရှိသည်။

ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်ကို နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေး နှစ် ၂၀၂၀ (Myanmar Civil Service Train-ing Year 2020) အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးနှစ် ၂၀၂၀ (Myan-mar Civil Service Training Year 2020) ကို အကောင်အထည်ဖော်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

‘‘အပိုင်း (၁) အနေနဲ့ သင်တန်းပို့ချသူ ဆရာ၊ ဆရာမတွေ အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၂) က လက်ရှိသင်ကြားပို့ချ လျက်ရှိတဲ့ သုတပညာအခြေပြု သင်ရိုးညွှန်းတမ်း၊ (Knowledge-based Curricu- lum)မှ ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်း (Competency-based Curriculum)အဖြစ် ပြင်ဆင်ပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း က ပြောသည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲမှုများအားကောင်းလာစေရန် ရည်ရွယ်ပြီး ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ နည်းပညာ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာစီမံချက် ၂၀၁၇-၂၀၂၀ ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု အစည်းအဝေးများ၊ အကြံပြုအလုပ်ရုံဆွေးနွေးပွဲများနှင့် အခြားဆက်စပ်အစည်းအဝေးများ စုစုပေါင်း (၁၀) ကြိမ် ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်

မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်း လဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အများပြည်သူ သိရှိနိုင်ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ခုကို ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပသွားရန် စီစဉ်လျက် ရှိသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အရ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့် အရာထမ်းများ၏ ကျွမ်းကျင်မှု အခြေပြု လုပ်ငန်းတာဝန် သတ်မှတ်ချက်၊ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့် စီမံခန့်ခွဲမှု အရာထမ်း ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် စွမ်းဆောင်ရည်အကဲဖြတ် အမှတ်ပေး သည့်စနစ်တို့ကို UNDP ၏ ပံ့ပိုးမှုဖြင့် ရေးဆွဲ ထားပြီးဖြစ်သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် “အစိုးရဝန်ထမ်းများအပေါ် ပြည်သူများ၏ သဘောထား အမြင်စစ်တမ်း”ကို အိမ်ထောင်စု ပေါင်း ၂၅၂၀ ထံကနေ ကောက်ယူထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။

“နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းခွင်အတွင်း စိတ်အားထက်သန် တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင် ပေးခြင်းဆိုင်ရာ စစ်တမ်း (Public Service Motivation Survey) ကို ဌာနငါးခုက ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူး ရာထူးအဆင့်ရှိ အရာရှိ ၄၀၉ ဦးကို စစ်တမ်း ကောက်ယူခဲ့ပြီး ရလဒ်တွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြအတည်ပြုချက်ရယူ ပြီး ထုတ်ပြန်ကြေညာခြင်းနဲ့ အာဆီယံ နိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းတွေထံ ဖြန့်ဝေနိုင်ရေး အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း က ပြောသည်။

“အစိုးရဝန်ထမ်းတွေအပေါ် ပြည်သူများ ၏ သဘောထားအမြင်စစ်တမ်းကနေ အကျိုး ကျေးဇူးအနေနဲ့ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးရာမှာ ပိုမိုထိရောက်မှုရှိစေဖို့နဲ့ မြန်ဆန်စွာတုံ့ပြန်နိုင်စေဖို့၊ ပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ လက်ရှိနိုင်ငံ့ဝန်ထမ်းတွေ တိုးတက်ကောင်းမွန် လာစေဖို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု အကောင် အထည်ဖော်နိုင်ရေးအတွက် မူဝါဒနည်းလမ်း တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေးဖိုရမ်ကို နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ကျင်းပခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အတူ အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ASEAN Cooperation on Civil Service Matters - ACCSM) Work Plan (2016-2020) အစီအစဉ်အောက်တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဦးဆောင်ပြီး “နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွ မှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်းဆိုင်ရာဖိုရမ်” ကို နေပြည်တော် Grand Amara Hotel မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်ကနေ ၁၉ ရက်အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

နှစ်စဉ်လုပ်ငန်းဆောင်ရွက်ချက်

နိုင်ငံ့ဝန်ထမ်းများ၏ ခေါင်းဆောင်မှု၊ ထိရောက်မှု၊ လိုက်လျောညီထွေဖြစ်စေမှုနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှု ဆိုင်ရာ နှစ်စဉ်လုပ်ငန်းဆောင်ရွက်ချက် ၂၀၂၀ (Leadership, Effectiveness, Adaptability and Professionalism - LEAP) ANNUAL WORK PLAN (2020) ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုမှ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု (Human Resource Management- HRM Policy) အပေါ်မူတည်ကာ ဌာနအဖွဲ့အစည်း၏ လုပ်ထုံး လုပ်နည်းဆိုင်ရာ သတ်မှတ်စံနှုန်းများ (Stan-dard Operation Procedures - SOPs) ကို ရေးဆွဲရန် စီစဉ်လျက်ရှိသည့်အပြင် ယခုနှစ် အတွင်း နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (Code of Ethics) မူကြမ်းကို ရေးဆွဲနိုင်ခဲ့သည်။

“မဟာဗျူဟာလုပ်ငန်းစဉ်တွေ ချမှတ် ဆောင်ရွက်ခဲ့တဲ့အတွက် ဝန်ထမ်းတွေရဲ့ အရည်အချင်းအပေါ် မူတည်ပြီး အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားခြင်း၊ ရွေးချယ်ခန့်အပ်ခြင်း၊ ပြောင်းရွှေ့ ခန့်ထားခြင်းနဲ့ ရာထူးတိုးမြှင့်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လာနိုင်မှာဖြစ်သကဲ့သို့ ပိုမိုအားကောင်းတဲ့ သင်ကြားသင်ယူမှု အစီအစဉ်တွေကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ ပိုမို တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

ရှေ့ပြေးစမ်းသပ်မှု

အရည်အချင်းကိုအခြေခံပြီး စွမ်းဆောင် ရည်ရှိမှုကို ဦးစားပေးသည့်၊ ကျား မ ကွာဟမှု ကျဉ်းမြောင်းစေသည့် ဝန်ထမ်းသစ်ခန့်အပ်သည့်စနစ်၊ ရာထူးတိုးမြှင့်ရေးစနစ်များကို အထောက်အကူ ပြုစေရန် ရှေ့ပြေးစမ်းသပ် မှု Pilot Test ဆောင်ရွက်မှုအနေဖြင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ စီမံဆောင်ရွက် နေသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

“UNDP, UNAPCICT, EU (GOPA), Hanns Seidel Foundation (HSF), အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေ၊ တောင်ကိုရီး ယားနိုင်ငံက KOICA, တရုတ်ပြည်သူ့သမ္မတ နိုင်ငံက China National Academy of Governance – CNAG, ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးမှ အထောက်အပံ့ပေးတဲ့ (Grant) အစီအစဉ်၊ Organization for Eco-nomic Cooperation and Development (OECD) ၊ နယူးဇီလန်နိုင်ငံက State Services Commission၊ စီမံအုပ်ချုပ်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များ ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (International Association of Schools and Institutes of Administration - IASIA)၊ အာဆီယံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံ့ဝန်ထမ်းတွေ စွမ်းရည်တိုးတက်မြင့်မား စေရေး လေ့ကျင့်သင်တန်းပေးခြင်းကိစ္စရပ် တွေကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သလို ဗဟိုဝန်ထမ်းတက္ကသိုလ် တွေမှာ ဖွင့်လှစ်တဲ့ သင်တန်းတွေမှာ ပြင်ပဘာသာရပ်တွေအနေနဲ့ သင်ကြားပို့ချနိုင်ရေး ပြည်ပနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး စီစဉ်ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက ပြောသည်။

စာစစ်ဌာန (၁၅) ခု ဖွင့်လှစ်ကျင်းပ

ပြန်တမ်းဝင်အရာရှိ ရွေးချယ်ရေးအပိုင်းနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖော်ဆောင်ခဲ့သည်။ “ဦးစွာ စာစစ်ဌာနပြောင်းလဲခြင်းအနေ နဲ့ ဝန်ကြီးဌာနအသီးသီးမှာ လစ်လပ်လျက် ရှိတဲ့ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ဝင်ပေါက် လစ်လပ်ရာထူးနေရာတွေအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို အရင်က တိုင်းဒေသကြီး/ ပြည်နယ် အစိုးရရုံးစိုက်ရာ မြို့တော်တွေမှာ စာစစ်ဌာန (၁၅) ခုနဲ့ ဖွင့်လှစ် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပခဲ့ရာကနေ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ မော်လမြိုင်စတဲ့ စာစစ်ဌာန ငါးခုနဲ့ ပြင်ဆင် ကျင်းပခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ့ဝန်ကို တာဝန်ထမ်းဆောင် လိုသော အရင်းခံစိတ်(Motivation)ကို အခြေခံ သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို စစ်ဆေး သည့်စနစ်ဖြင့် စစ်ဆေးရွေးချယ်လျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းအရာထမ်းများ ရွေးချယ်ရာတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းကို စစ်ဆေးသည့် စနစ်ဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သုတရေးရာ ဘာသာရပ်များ စစ်ဆေးမေးမြန်းခြင်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရေးဖြေစာမေးပွဲများတွင် ဖြေဆိုရသည့် မေးခွန်းများကို ပြည်သူ့ဝန်ထမ်း တာဝန်ထမ်း ဆောင်လိုခြင်း အရင်းခံအကြောင်း (Moti-vation) ကို ဖော်ထုတ်ပြသနိုင်မည့် မေးခွန်း ပုံစံများအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည့် အတွက် လူမှန်၊ နေရာမှန် အရည်အချင်း ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများကို ရွေးချယ် လာနိုင်ခဲ့သည်။

ယခင်က ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ်ရာထူးနေရာများ အတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းမတိုင် မီ၊ ကွန်ပျူတာဖြင့် ဆန်ခါတင်စစ်ဆေးခြင်း (Screening Test) ကို ဝင်ရောက်ဖြေဆိုစေ ပြီး Screening Test အောင်မြင်မှသာ ဒုတိယ အဆင့် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆို ခွင့်ပြုခြင်း၊ တတိယအဆင့် စိတ်အခြေအနေ နှင့် လူတွေ့စစ်ဆေးမှု ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ကွန်ပျူတာဖြင့် ဆန်ခါတင်စစ်ဆေးခြင်း (Screening Test) ကို အသုံးပြုလိုက်သည့်အတွက် ဦးစွာ ဝင်ရောက်ဖြေဆိုသူများမှ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် လိုအပ်သည့် အရည်အသွေးနှင့် ပြည့်မီသူများကို ရွေးချယ်စိစစ် လာနိုင်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ မှ သိရသည်။

ထို့အတူ စိတ်အခြေအနေစစ်ဆေးခြင်းအတွက် အသုံးပြုနေသည့် စစ်ဆေးလွှာများကို ခေတ်ကာလနှင့် လျော်ညီပြီး နိုင်ငံတကာ အဆင့်မီ စစ်ဆေးလွှာပုံစံများအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ပြုပြင်မွမ်းမံ ပြောင်းလဲအသုံးပြုစစ်ဆေးလျက်ရှိသည်။

“လေးနှစ်တာကာလအတွင်းမှာ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း (၂၈) ခုမှ ပြန်တမ်းဝင် အရာရှိအဆင့် လစ်လပ်ရာထူး ၁၉၅၃ နေရာ အတွက် ၁၇၆၀၊ လက်ထောက်ဆရာဝန် လစ်လပ်ရာထူး ၇၄၃၇ နေရာအတွက် လက်ထောက်ဆရာဝန် ၅၁၃၁ ဦးကို ရွေးချယ် ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

ရာထူးတိုးမြှင့်ခန့်ထားရန် သဘောတူ

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ရာထူး ဝင်ခွင့် ဖြေဆိုသူများအား Online မှ လျှောက်လွှာတင်နိုင်ရန် Online Application System – OAS ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ ဌာနတွင်းမှ အမှုထမ်း ဝန်ထမ်းများအား ပြန်တမ်းဝင်အရာရှိအဆင့် သို့ ရာထူးတိုးမြှင့်ပေးရေး၊ ထောက်ခံအတည် ပြုပေးရေးလုပ်ငန်းစဉ်များမှ ယခုနှစ်တွင် လုပ်သက်ပြည့် ၇၁၅၈ ဦး၊ သတ်မှတ်လုပ်သက် လျှော့ ဝန်ထမ်း ၁၀ ဦး၊ သတ်မှတ်ပညာ အရည်အချင်းလျှော့ ဝန်ထမ်း ၁၅ ဦး စုစုပေါင်း ဝန်ထမ်း ၇၁၈၃ ဦးတို့ကို ပြန်တမ်းဝင်အရာရှိ အဆင့် ရာထူးတိုးမြှင့်ခန့်ထားရန် သဘော တူညီချက်ပေးခဲ့သည်။ လေးနှစ်တာကာလ အတွင်း စုစုပေါင်း ၃၁၄၄၀ ကို ပြန်တမ်းဝင် အရာရှိအဆင့် ရာထူးတိုးမြှင့်ခန့်ထားရန် သဘောတူညီချက်ပေးခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတို့အရ ဝန်ကြီးဌာနတစ်ခုမှ အခြားဝန်ကြီးဌာနတစ်ခုသို့ ပြန်တမ်းဝင် အရာရှိများ ပြောင်းရွှေ့ခြင်းများကို သဘော ထားမှတ်ချက် တင်ပြပြန်ကြားခြင်း ဆောင်ရွက်ချက်များကို လုပ်ဆောင်ရပါသည်။ တပ်မတော်မှ ဆေးအဆင့်နိမ့် အီးအေ (၁/၂) အရာရှိများကို နယ်ဘက်ဝန်ကြီးဌာနအဖွဲ့ အစည်းများကို လွှဲပြောင်းတာဝန်ထမ်းဆောင် ရေးအတွက် ၎င်းတို့ ဆန္ဒပြုချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများကို ညှိနှိုင်းပေးခဲ့ ပါသည်။ အဖွဲ့အနေဖြင့် လေးနှစ်တာကာလ အတွင်း အရပ်ဘက်ဌာနအဖွဲ့အစည်းအချင်း ချင်း ပြောင်းရွှေ့ခြင်းနှင့် တပ်ဘက်မှ အရပ် ဘက်သို့ ပြောင်းရွှေ့ခြင်းအတွက် အရာထမ်း ၁၀၆၇ ဦးကို ဆောင်ရွက်ပေးခဲ့သည်။

ပြင်ဆင်ပြဋ္ဌာန်း

ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များကို ခေတ်စနစ်နှင့် လျော်ညီမှုရှိစေရန်နှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်နေမှုများနှင့် ကိုက်ညီမှုရှိစေရန် အတွက် သုံးသပ်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင် သည့် ဥပဒေအား ပုဒ်မအခု ၂၀ ဖြင့် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား ပုဒ်မသုံးခုဖြင့် လည်း ကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေအား ၂၉ ခု၊ ဖြည့်စွက် လေးခုတို့ဖြင့် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား နည်းဥပဒေတစ်ခု ဖြင့် လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများမှ ခန့်ထားရေး ကိစ္စရပ်များ၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များ၊ အနည်းဆုံး ပညာအရည်အချင်း သတ်မှတ်ချက်များ၊ ပြင်ပဝန်ထမ်း စည်းကမ်းချက်များ၊ စည်းကမ်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သဘောထား မှတ်ချက်မေးမြန်းလာသည့် ဝန်ထမ်းရေးရာ ကိစ္စရပ်များမှ အဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် အတွင်း သဘောထားမှတ်ချက် ၂၄၈ ခု ပြန်ကြားခဲ့ပြီး လေးနှစ်တာကာလအတွင်း စုစုပေါင်း ၇၆၁ ခုကို ပြန်ကြားခဲ့သည်။

ပုံနှိပ်ထုတ်ဝေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ ဝန်ထမ်းများ အသိပညာပြန့်ပွားရေးနှင့် လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးပြု နိုင်ရေးအတွက် အဖွဲ့မှထုတ်ပြန်ခဲ့သည့် နိုင်ငံ့ ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒ (Civil Service Training Policy)၊ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း စနစ် (Myanmar Civil Service System)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဂျာနယ်၊ ဝန်ထမ်းကျင့်ဝတ်စာစောင်နှင့် ရုံးလုပ်ငန်းလက်စွဲစာအုပ်တို့ကို ပုံနှိပ် ထုတ်ဝေပေးခဲ့သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အရ လုပ်ဆောင်သည့် Project Bank တွင် “e-Recruitment and Integrated Civil Service System” Project Proposal ကို လည်း ရေးဆွဲဆောင်ရွက်ထားရှိပြီး ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ မျှော်မှန်းထားရှိသည်။

ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲ

မြန်မာနိုင်ငံသားများ နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ဝင်ရောက်ရန် လျှောက်ထားချိန်မှစ၍ အငြိမ်းစားယူသည်အထိ နိုင်ငံ့ဝန်ထမ်းများ စီမံခန့်ခွဲသည့်စနစ်ကို Automation စနစ်သို့ သွားနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) အရ လုပ်ဆောင်သော Project Bank တွင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့အနေဖြင့် “e-Recruitment and Integrated Civil Service System” Project Proposal ကို ရေးဆွဲခဲ့ပြီး ၂၀၂၀-၂၀၂၁ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် မျှော်မှန်းထားသည်။

ထို့ပြင် ICT ကို အသုံးပြုပြီး ပြည်သူများ ကို e-Service များ ပေးရာတွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့ ဝန်ထမ်းများ၏ ICT ဆိုင်ရာ Awareness ICT Competency ကျွမ်းကျင်မှု တိုးတက်စေရေး တို့အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူ တာ ပညာရှင်အသင်းနှင့် ပူးပေါင်းကာ နယ်လှည့် နည်းပညာဟောပြောပွဲကို တိုင်းဒေသကြီးငါးခုနှင့် ပြည်နယ်ခြောက်ခုတွင် ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်း အရာထမ်းများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်နိုင်ရန် နယူးဇီလန်နိုင်ငံ ဗစ်တိုးရီးယားတက္ကသိုလ်နှင့် ပူးပေါင်းပြီး English Language Training for Govern- ment Official သင်တန်းကို ဝန်ကြီးဌာန အဖွဲ့ အစည်းများမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးအုပ်စု၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး အုပ်စု၊ ဦးစီးအရာရှိများအုပ်စု စသည်ဖြင့် တစ်အုပ်စုကို ၃၅ ဦးစီဖြင့် အုပ်စုသုံးခုခွဲကာ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်လျက်ရှိသည်။

IASIA သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးရာ ဗဟိုဝန်ထမ်းတက္ကသိုလ်များကို နိုင်ငံတကာ အသိအမှတ်ပြုသည့် သင်တန်း ကျောင်းများဖြစ်လာစေရန် ရည်ရွယ်၍ စီမံ အုပ်ချုပ်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - IASIA သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းအရည်အသွေးမြှင့်တင်

ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် သင်တန်းပို့ချသည့် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေးအနေဖြင့် “ရာထူး အဆင့်အလိုက် ပြည်တွင်း ပြည်ပမှာ ဖွင့်လှစ် လျက်ရှိတဲ့ Ph.D၊ MPA MBA ၊ MPP Diploma တွေ၊ Workshop ၊ Seminar ၊ Training တွေ စေလွှတ်ခဲ့ပါတယ်။ ဒါ့ပြင် Training of Trainers - ToT သင်တန်းပေးမှုအနေနဲ့ ရန်ကုန်မြို့အခြေစိုက် အမေရိကန်နိုင်ငံ Fulbright Specialist Program ရဲ့ နိုင်ငံ့ ဝန်ထမ်း အရည်အသွေးမြှင့်တင်မှု (Capacity Enhancement of Myanmar Civil Service) သင်တန်းတွေ၊ အမေရိကန်နိုင်ငံ၊ English Language Fellow Program (ELFP) အစီ အစဉ်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) မှာ (ToT) Course for English Faculty သင်တန်းနဲ့ English Language Proficiency သင်တန်းတွေ ပေးခဲ့ပါတယ်” ဟု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

UNDP ၏ ပံ့ပိုးကူညီမှုဖြင့် နယူးဇီလန် နိုင်ငံ State Services Commission က ပို့ချ သည့် Course Analysis and Curriculum Design ရေးဆွဲခြင်းသင်တန်း၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်းပြီး Capacity Building and Training of Trainers on Pedagogy သင်တန်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ – CNAG အစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) တို့တွင် 2019 Training Course for Myanmar Trainers in Myanmar သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။

တိုးချဲ့ဖွဲ့စည်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် လက်ရှိအစိုးရအဖွဲ့၏ လေးနှစ်တာကာလ အတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီတစ်ခုစီ ဖွင့်လှစ် နိုင်ရေးအတွက် တက္ကသိုလ်များ၏ ရည်ရွယ် ချက်နှင့် ဦးတည်ချက်များ၊ အမှတ်တံဆိပ်နှင့် ဆောင်ပုဒ်များ၊ သင်ရိုးဇယားများ၊ ဝန်ထမ်း များနှင့် သင်တန်းသားများ၏ တူညီဝတ်စုံ များ ပြင်ဆင်သတ်မှတ်ခြင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)ကို (အောက်မြန်မာ ပြည်) ဟု ပြင်ဆင်ခြင်း၊ ပညာဌာနတွေအဖြစ် စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံပညာ ဌာန၊ ဥပဒေပညာဌာန၊ အင်္ဂလိပ်ဘာသာပညာ ဌာနနှင့် ICT ပညာဌာန စတဲ့ ပညာဌာန ခုနစ်ခု တို့ဖြင့် တိုးချဲ့ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ပြည်သူ့ ဝန်ထမ်းအကယ်ဒမီတစ်ခုစီ ဖွင့်လှစ်နိုင်ခဲ့သည်။

ပြည်သူ့ဝန်ထမ်းအကယ်ဒမီများ ဖွင့်လှစ် ခဲ့ပြီး ပို့ချဘာသာရပ်များကို နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာများအဖြစ် ပြင်ဆင်နိုင်ရေးအတွက် တက္ကသိုလ်အကြံပေးအဖွဲ့၊ တက္ကသိုလ်ပညာ ရပ်အဖွဲ့၊ နည်းပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်း အဖွဲ့များနှင့် သုံးသပ်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများမှ အရာထမ်း လောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ ပြီး သုံးနှစ်အတွင်း သင်တန်းသား ၁၇၆၉ ဦးကို ဘွဲ့လွန်ဒီပလိုမာများ ပေးအပ် နိုင်ခဲ့သည်။

အဆင့်မြင့်ဒီပလိုမာများ ပေးအပ်

ထို့ပြင် ၂၀၁၈ ခုနှစ် မတ် ၁၂ ရက်တွင် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့် မြင့် ဒီပလိုမာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ ပြီး နှစ်နှစ်အတွင်း သင်တန်းသား ၅၈၅ ဦး ကို အဆင့်မြင့်ဒီပလိုမာများ ပေးအပ်နိုင် ခဲ့သည်။

အကြီးစားမွမ်းမံပြင်ဆင်ပေး

“ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ အရာ ထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းနဲ့ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲ မှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းတွေကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ သင်တန်းသား နေထိုင်ရေး၊ အိပ်ဆောင်များ အသစ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ စာသင်ဆောင်တွေကို အသစ် တည်ဆောက်ပေးခြင်း၊ မွမ်းမံပြင်ဆင်ခြင်း စတာတွေ ဆောင်ရွက်ပေးခဲ့သလို သန္ဓေ ဝန်ထမ်းတွေအတွက် သင်ကြားစီမံရုံး၊ ဝန်ထမ်း အိမ်ရာတွေ စီစဉ်ပေးခြင်း၊ အဆောက်အဦ အဟောင်းတွေ အကြီးစားမွမ်းမံ ပြင်ဆင်ပေး ခြင်းကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

ထိုကဲ့သို့ တည်ဆောက်ပေးခဲ့သည့် အတွက် သင်တန်းသားများသည် ယခင်က Hall Type ခန်းမဆောင်ကြီးအတွင်း စုပေါင်း နေထိုင်ရခြင်းမှ ယခုအခါ Single တစ်ဦးချင်း သီးသန့်အခန်းများဖြင့် စိတ်အေးသက်သာ စွာ နေထိုင်လေ့လာနိုင်ပြီ ဖြစ်သည်။

“သင်ကြားရေး နည်းစနစ်ပိုင်းကိုလည်း စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်း တွေကို စီမံခန့်ခွဲမှုလေ့ကျင့်သင်ကြားရေးဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းနဲ့ ပညာရေးဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်း တို့နဲ့ လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ ရာထူးအဆင့်အလိုက် တက်ရောက် ဖို့ သတ်မှတ်ထားတဲ့ သင်တန်းတွေကို မဖြစ် မနေ တက်ရာက်ပြီးမှသာ ရာထူးတိုးမြှင့်ခံရ ခြင်း၊ ချီးမြှင့်မြှောက်စားခံရခြင်းတွေ စတဲ့ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ သင်တန်း တက်ရောက်ရန် ကျန်ရှိမှုစာရင်းတွေ ကောက်ခံ လိုက်တဲ့အခါမှာ သင်တန်းသားများစွာ ကျန်ရှိ နေတာကို သိရပါတယ်” ဟု ဦးဝင်းသိမ်းက ရှင်းပြသည်။

ထိုသို့ ဗဟိုဝန်ထမ်းတက္ကသိုလ်များ တက်ရောက်ရန် ကျန်ရှိနေသည့် နိုင်ငံ့ဝန်ထမ်း များကို ထိရောက်စွာ လေ့ကျင့်ပေးနိုင်ရန် သင်ရိုးဇယားပြင်ဆင်ခြင်း၊ အဓိကဘာသာရပ် များ သင်ကြားခြင်း၊ သင်တန်းကာလ လျှော့ချ ခြင်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် ပြည်သူများ၏ လိုအပ်ချက် များကို မဆိုင်းမတွ ဖြည့်ဆည်းပေးနိုင်မည့်၊ ပြည်သူများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မည့် ပြည်သူ့ဝန်ထမ်းကောင်း များ ဖြစ်စေရေးနှင့် အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်ရည်ပြည့်ဝသူများ နိုင်ငံ့ဝန်ထမ်း လောကအတွင်း ရောက်ရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်ရေး နှင့် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် စတုတ္ထ (၁) နှစ်တာအပါအဝင် လက်ရှိအစိုးရ၏ လေးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။