ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဉီးနှောက်ကျေးရွာ၌ စုဝေးရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး

နေပြည်တော်၊ ဇန်နဝါရီ  ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ အစည်းအဝေး ပြုလုပ်ရန်စုဝေးနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်း ၅ လောင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်း ရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေနံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက် သမားအင်အား ၅၀ ဦးခန့်သည် ဦးနှောက်ကျေးရွာ၌ အစည်းအဝေး ပြုလုပ်ရန်စုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ် အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့လယ် ၁၂ နာရီခွဲခန့်တွင် အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ရာ အကြမ်းဖက်သမား ၅ ဉီးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ M4A1 သေနတ် တစ်လက်၊ MK 12 သေနတ် တစ်လက်၊ လက်လုပ်ခါးချိုးသေနတ် ၁၄ လက်၊ လက်လုပ်သေနတ်အတို သုံး လက်၊ လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၆ လုံး၊ ကျည်မျိုးစုံ ၁၅၅ တောင့်၊ ကျည်အိမ် သုံးခု ၊ လမ်းလျှောက်စကားပြောစက် နှစ်လုံး၊ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ Ford အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 7 L /----- ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

 

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင်ကြရန် သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn