ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတွေ့ရသည့်ရာဇဝင်ထဲက ဓညဝတီ (၂)

ပုထိုးတော်ကြီး၏အောက်ခြေမှ ပင်မ စေတီတော်ထိပ်အထိ ၆၄ ပေမြင့်သည်။ ပုထိုးတော်၏ အနောက်တောင်ထောင့်တွင် ဘုရင့်ဥပုသ်ဆောင်တော်ရှိသည်။ ပုထိုး တော်ကြီး၏ ဂူကျောင်းပေါ်ရှိ အလယ်စေတီကို စေတီလေးဆူရံထားသည်။ အရံစေတီ လေးဆူကို ထူးခြားစွာမှိုပွင့်သဏ္ဌာန် ထီးတော် များတင်ထားသည်။ အောက်ခြေဂူကျောင်းသို့ ဝင်ရန်လမ်းသည် တစ်ခုတည်းရှိပြီး ခရုပတ် ပုံစံ လိုဏ်နှစ်ခုရှိသည်။ လိုဏ်လမ်းအဆုံးတွင် ဂန္ဓကုဋီတိုက်ရှိသည်။ လိုဏ်လမ်းတစ်လျှောက် ဂူကျောင်း ၁၄၆ ကျောင်းရှိပြီး ဆင်းတုတော် များလည်းရှိသည်။

 

ဂူကျောင်းအဝတွင် ကျောက်ဆစ်ရုပ်ကြွ များ ၃၃ဝ ကျော်ရှိသည်။ ရုပ်ကြွများကို ရာထူးအဆင့်အတန်းအလိုက် ကွဲပြားအောင် ထုလုပ်ထားသည်။ ပုထိုးတော်ကို ကျောက်ပြား ခင်း၊ ကျောက်ပြားမိုးသပ်စီ ပေါင်းခုံစနစ်ဖြင့် ဘုရင်မင်းဖလောင်းက ၁၅၇၁ ခုနှစ်တွင် တည်ထားခဲ့သည်။ လှေကားထစ် ၁၈ ထစ် တက်ရသော ပုထိုးတော်ရင်ပြင်ပေါ်မှ သျှစ်သောင်းပုထိုးနှင့် လေးမျက်နှာပုထိုး တို့ကို လှမ်း၍ဖူးမြော်နိုင်ပြီး ပုထိုးတော်၏ အနောက်ဘက်တွင် စီးဆင်းနေသော သိင်္ဂနဒီ ချောင်းသည် နန်းတော်ရာကုန်း၏ အနောက် ကျုံးခြေရင်းမှ မြောက်ဦးမြို့သို့ ဖြတ်သန်းသွား နေသည်ကို တွေ့မြင်ရသည်။

 

လေးမျက်နှာပုထိုးတော်သည် ထုက္ကန်သိမ် အနီးတွင်တည်ရှိပြီး မြို့တည်ဘုရားငါးဆူ အနက်တစ်ဆူအပါအဝင်ဖြစ်သည်။ ဘုရင် မင်းစောမွန်က ၁၄၃ဝ ခုနှစ်တွင် တည်ထား သည်။ မုခ်လေးခုသည် အရပ်လေးမျက်နှာသို့ မျက်နှာမူ တည်ဆောက်ထားသဖြင့် လေးမျက်နှာ ဘုရား၊ မုခ်လေးတန်ဘုရားဟု ခေါ်ကြသည်။

 

လေးမျက်နှာဘုရားတံတိုင်းအတွင်း ပိဋကတ်တိုက်တစ်ခု တည်ရှိသည်။ လေးမျက်နှာပုထိုးကို ကျောက်အုတ်များ ဖြင့် တည်ထားသည်။ ပုထိုးအောက်ခြေသည် စတုရန်းပုံဖြစ်ပြီး မုခ်လေးခု ဖွင့်ထားသည်။ ပုထိုးတော်၏ ထောင့်များတွင် စေတီတစ်ဆူစီ နှင့် အလယ်တွင် စေတီကြီး တစ်ဆူရှိသည်။ စေတီများပုံသဏ္ဌာန်သည် ဝေသာလီခေတ် စတူပါကျောက်စေတီငယ်များ ပုံစံဖြစ်သည်။

 

မုခ်လေးခုမှတစ်ဆင့် ဝင်သွားပါက လိုဏ်ဂူတော်သို့ ရောက်သည်။ အလယ်မဏ္ဍိုင် တွင် ဘုရားဆင်းတုတော် ရှစ်ဆူ ကျောချင်းကပ် တည်ရှိပြီး မျက်နှာချင်းဆိုင်နံရံရှိ ဂူပေါက် ငယ်များတွင် ဆင်းတုတော်အဆူ ၂ဝ ကိန်းဝပ် စံပယ်တော်မူသည်။ ဆင်းတုတော်များ၏ ပလ္လင်များရှိ ကျောက်ဆစ်လက်ရာများကို လေ့လာနိုင်သည်။ လေနှင့်အလင်းရောင်ရရှိ စေရန် နံရံတွင် အလင်းပေါက်များ ဖောက် ထားသည်။ လေးမျက်နှာပုထိုးတော်သည် ရိုးစင်းသော ဗိသုကာဟန်ဖြင့် တည်ထားသည်။

 

ကိုးသောင်းပုထိုးတော်သည် မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက်တစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။ ပုထိုးတော်ကြီးကို ကျောက်အုတ်များဖြင့် တည်ဆောက်ထားပြီး မြောက်ဦးရှိ စေတီပုထိုးများအနက် ထုထည် အကြီးမားဆုံးဖြစ်သည်။ ဘုရင်မင်းဗာကြီး၏သားတော်မင်းတိက္ခာက ၁၅၅၃ ခုနှစ်တွင် တည်ထားခဲ့သည်။ ဓာတ်တော်မွေတော်ပေါင်း ကိုးသောင်းကို ဌာပနာပြုထားသဖြင့် ကိုးသောင်းပုထိုးဟု ဘွဲ့အမည်တွင်ခဲ့သည်။ ကိုးသောင်းပုထိုးတော်သည် စတုရန်းပုံ ပန္နက် ဖြစ်ပြီး အောက်ခြေတစ်ဖက်လျှင် ပေ ၂၅ဝ ကျော် ရှည်လျားသည်။ ပစ္စယာငါးဆင့်ခံထားပြီး လိုဏ်ပတ်လမ်းနှစ်ထပ်ရှိသည်။ ပုထိုးတော် ကြီး၏ ရင်ပြင်အလယ်တွင် စေတီတော် တစ်ဆူရှိပြီး ပစ္စယာငါးဆင့်ပေါ်တွင် စေတီငယ်များ တည်ထားသည်။ အရံ စေတီငယ်များသည် အရှေ့မျက်နှာစာတွင် ၂ဝ၆ ဆူနှင့် ကျန်မျက်နှာစာတစ်ခုလျှင် ၃၄၅ ဆူစီ စုစုပေါင်း စေတီ ၁၂၄၁ ဆူရှိသည်။

 

ဘုရားရင်ပြင်ပေါ်သို့ အရှေ့ဘက် ကျောက်လှေကားမှသာ တက်နိုင်ပြီး အထစ် ကိုးထစ်၊ အကျယ် ၁၅ပေ ရှိသည်။ ကျန် သုံးဘက်တွင် လှေကားမရှိဘဲ ကျောက်တုံးများ ဆင့်၍ ပိတ်ထားသည်။ ရင်ပြင်ပေါ်သို့ တက်သည့်လှေကားထိပ်တွင် ဒွါရပါလ (တံခါးစောင့်) ဘီလူးကျောက်ဆစ်ရုပ်ကြွများ ကို တွေ့ရသည်။ အောက်လိုဏ်ပတ်လမ်းတွင် ဘုရားဆင်းတုတော်ရုပ်ကြွများ၊ ကျောက်ဆစ် ပလ္လင်များပေါ်တွင် သီတင်းသုံးနေသော ဆင်းတုတော်ကြီးများကို ဖူးတွေ့ရသည်။ နံရံပေါ်တွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော် များသည် ယာခြေကိုဘယ်ခြေပေါ်တင်ပြီး တင်ပျဉ်ခွေထိုင်နေတော်မူကာ ယာလက်ကို မြေသို့ထိထားသည့် ဘူမိဖဿ မုဒြာဟန်များ ဖြစ်ကြသည်။ ဝင်ပေါက်နှင့်ပြတင်းပေါက်ပေါင် များပေါ်၌ ပုဂံစေတီများတွင် တွေ့မြင်ရသည့် မီးလျှံဖြာဒီဇိုင်းများကို မြင်တွေ့နိုင်သည်။

 

ထိုမှတစ်ဆင့် မာန်ငါးပါးစေတီများဖြစ် ကြသော သကျမာန်အောင်၊ ဇိနမာန်အောင်၊ ရတနာမာန်အောင်၊ လောကမာန်အောင်နှင့် မင်္ဂလာမာန်အောင်စေတီများကိုလည်း ဖူးမြော် နိုင်ပါသည်။ သကျမာန်အောင်စေတီကို သီရိသုဓမ္မရာဇာမင်းက ၁၆၂၉ ခုနှစ်တွင် လည်းကောင်း၊ ဇိနမာန်အောင်၊ ရတနာ မာန်အောင်နှင့် လောကမာန်အောင်စေတီများ ကို စန္ဒသုဓမ္မရာဇာမင်းက ၁၆၅၈ ခုနှစ်တွင် လည်းကောင်း၊ စန္ဒသုဓမ္မရာဇာမင်း၏ အရိုက် အရာကိုဆက်ခံသောသားတော် ဥဂ္ဂါဗလမင်း က မင်္ဂလာမာန်အောင်စေတီကိုလည်းကောင်း တည်ထားကိုးကွယ်ခဲ့ကြသည်။ မြောက်ဦးမြို့မှ မြောက်ဘက် ၁၈ မိုင်ကွာဝေးသော ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကြီးကို သွားရောက်ဖူးမြော်နိုင်သည်။

 

မဟာမုနိဘုရားကြီးသည် ကျောက်တော် မြို့ အရှေ့ဘက် ခြောက်မိုင်ဝေးသော ဓညဝတီမြို့ဟောင်းနယ်မြေရှိ မဟာမုနိ သိမ်တော်အတွင်း ကိန်းဝပ်စံပယ်တော်မူနေ သည်။ မဟာမုနိသိမ်တော်သည် ထောင့်မှန် စတုဂံနံရံ နှစ်ဆင့်ကာရံထားပြီး သိမ်တော်၏ အရပ်လေးမျက်နှာတို့တွင် ဝင်ပေါက် လေး ပေါက်ရှိသော်လည်း အရှေ့ဘက်ဝင်ပေါက်ကို အဓိက ဝင်ပေါက်အဖြစ်ထားရှိသည်။ ဘုရား ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့ မြောက်ထောင့်တို့တွင် ဗုဒ္ဓရုပ်တုတော်ကြီးအား ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုသော ရေကန်ကြီး နှစ်ကန်ကိုလည်း တွေ့ရသည်။ ဓညဝတီခေတ် စန္ဒသူရိယဘုရင်လက်ထက် နန်းသက် ၂၆ နှစ်မြောက် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်(ဘီစီ ၅၈ဝ)တွင် အနောက်မဇ္ဈိမ၌ မြတ်စွာဘုရားရှင်ပွင့်တော်မူသည့် သတင်း စကား ကြားသိတော်မူသောအခါ ဘုရားရှင် အား ဖူးမြော်ရန်ရည်မှန်းပြီး ပင့်ဖိတ်မှုကြောင့် မြတ်စွာဘုရားရှင်သည် ဓညဝတီပြည်သို့ ြ<ွကရောက်တော်မူခဲ့သည်။ စန္ဒသူရိယမင်းသည် မြတ်စွာဘုရားရှင်ထံ စဉ်ဆက်မပြတ် ကိုးကွယ်ဆည်းကပ်ရန် ကိုယ်ပွားတော်တစ်ဆူ သွန်းလုပ်ခွင့် တောင်းပန်လျှောက်ထားပြီး မဟာမုနိဘုရားကြီးကို သွန်းလောင်းပူဇော် ခဲ့သည်။ ရုပ်တုတော်အတွင်း ဗုဒ္ဓ၏ရင်ငွေ့ တော်ဓာတ် ထည့်သွင်းခဲ့သည်ဟု သိရသည်။

 

ဝေသာလီခေတ်တွင် မဟာမုနိသိမ်တော် ကို ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သည်။ ၁၂ ရာစု တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်တုတော် ပျောက်ဆုံး နေရာမှ လေးမြို့ခေတ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိသဖြင့် သိမ်တော်ကို ပြန်လည်တည် ဆောက်ခဲ့သည်။ မြောက်ဦးမင်းဆက်ကို တည်ထောင်သူ မင်းစောမွန်က မြောက်ဦး နန်းမြို့မှ မဟာမုနိသို့ လမ်းဖောက်လုပ်ခဲ့သည်။ ၁၆ ရာစုတွင် ဘုရင်မင်းဗာက မြောက်ဦးမြို့မှ သျှစ်သောင်းပုထိုးအပါအဝင် တိုင်းပြည်အနှံ့ တည်ရှိနေသော ဘုရား၊ ကျောင်း အဆောက် အအုံများအတွင်း မူရင်းနှင့်ဆင်တူဖြစ်သော မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိ သည်။

 

၁၇၈၄ ခုနှစ်တွင် မြန်မာဘုရင် ဘိုးတော်ဘုရားက ရခိုင်ပြည်ကိုသိမ်းပိုက်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကို မန္တလေးသို့ ပင့်ဆောင်သွားခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် မဟာမုနိသိမ်တော်ရာအနီးဝန်းကျင်မှ တွေ့ရှိ သော ကျောက်ရုပ်တုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကို တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင် သိမ်တော်ကြီးကို နဂိုမူလ အတိုင်း ပြန်လည်မွမ်းမံပြင်ဆင်ကာ မန္တလေး မြို့ရှိ မဟာမုနိထိုင်တော်မူပုံစံကြေးရုပ်တုတော် အသစ် တစ်ဆူကို ထပ်မံသွန်းလုပ်တည်ထားခဲ့ သည်ဟု သိရသည်။

 

စန္ဒမုနိရုပ်ပွားတော်ကြီးသည် မြောက်ဦး မြို့ အနောက်တောင်ဘက်ရှိ ဗန္ဓုလကျောင်းဟု ခေါ်ဆိုသော စန္ဒမုနိဘုရားကြီးကျောင်းတိုက် တွင် စံပယ်တော်မူနေသည်။ စန္ဒမုနိ ရုပ်ပွားတော်သည် Óဏ်တော် ၄ ပေ ၁ဝ လက်မရှိပြီး ပဉ္စလောဟာခေါ်ဆိုသည့် သတ္တု ငါးမျိုး ရောစပ်သွန်းလုပ်ပူဇော်ထားသည်။ ဓညဝတီခေတ်မှ သူရိယစက္ကမင်းသည် စန္ဒသူရိယမင်းက မဟာမုနိဘုရားသွန်းလောင်း ပြီးနောက် ကျန်ခဲ့သည့်ရတနာများဖြင့် စန္ဒမုနိ၊ သကျမုနိ၊ ဒေဝမုနိ၊ ရာဇမုနိနှင့် စူဠမုနိ ဆင်းတုတော်များကို သွန်းလုပ်ခဲ့သည်။ ဤ ဆင်းတုတော်များကို မဟာကျန် ဆင်းတုတော် များဟု ခေါ်ကြသည်။

 

မြောက်ဦးမြို့ရှိ နာမည်တော် ဗန္ဓုလကျောင်း အတွင်းတည်ရှိသည့် မြတ်ဗုဒ္ဓ၏အံတော်၊ သမိုင်းဝင်ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ၊ ရခိုင်ဒင်္ဂါးပြားများနှင့် ရှေးဟောင်းပစ္စည်း အမျိုးမျိုးကိုလည်း ဖူးမြော်လေ့လာနိုင်သည်။ ဗုဒ္ဓသရီရမြတ်အံတော်သည် ၁၅၂၅ ခုနှစ် တွင် သံတွဲမြို့မှ သာသနာပိုင်ဆရာတော်ကြီး ဦးတေဇောသာရနှင့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်ကြီး ဓမ္မဝိသာလတို့ အမှူးပြုသည့် သံဃာတော်အပါး ၄ဝ တို့သည် သီရိလင်္ကာနိုင်ငံမှ သာသနာပြုပြီးအပြန် ဓမ္မိကရှင်ရသေ့တစ်ဦး တည်ထားခဲ့သော ဝနဘယတောင်ပေါ်ရှိ ပြိုပျက်နေသည့် စေတီဟောင်းမှ ရောင်ခြည်တော်ကွန်မြူး နေသော အံတော်ဓာတ်ကိုဖူးတွေ့ရသဖြင့် ပင့်ဆောင်ယူလာခဲ့ခြင်းဖြစ်သည်။

 

စိုးစိုးနိုင်(ကြေးမုံ)