ယုံကြည်မှုကို ပြည်သူ့မဲဖြင့် ပြကြပြီ

၉  နိုဝင်ဘာ

မြန်မာနိုင်ငံသားတို့မျှော်လင့်နေကြသော ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တို့တွင် ပေးခဲ့သော မဲအရေအတွက် စာရင်းများကို စတင်ရေတွက်နေပြီလည်းဖြစ်၏။ ထိုမဲစာရင်းတို့၏ ရေတွက်ပြီးရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာမီတွင် ကြေညာထုတ်ပြန်တော့မည် ဖြစ်ပါသည်။

ထိုထွက်ပေါ်လာသည့် ရလဒ်ပေါ်မူတည်ပြီး မည်သည့် နိုင်ငံရေးပါတီက အနိုင်ရဦးဆောင်ပါတီ ဖြစ်လာမည်ဆိုသည်ကိုလည်း သိကြရတော့မည်ဖြစ်ပါသည်။ နိုင်ငံ၏အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်တို့ကို ပြည်သူလူထုက မည်သည့် နိုင်ငံရေးပါတီ၊ မည်သည့် နိုင်ငံရေးခေါင်းဆောင်များလက်သို့ လွှဲအပ် တာဝန်ပေးလိုသည်ဆိုခြင်းကို ရွေးကောက်ပွဲရလဒ်များမှတစ်ဆင့် အဆုံးအဖြတ်ပြုကြမည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များကလည်း မဲနိုင်သည်ဖြစ်စေ၊ မဲရှုံးသည်ဖြစ်စေ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ကျေကျေနပ်နပ်ခံယူကြရန် အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါသည်။

ယခုရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းတွင် နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီ ပါဝင်ယှဉ်ပြိုင်ကြပြီး တိုင်းဒေသကြီးလွှတ်တော်အတွက် မဲဆန္ဒနယ် ၆၁၂ နေရာ၊  အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆၁ နေရာ၊ ပြည်သူ့လွှတ်တော်အတွက်  မဲဆန္ဒနယ် ၃၁၅ နေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၂၉ နေရာတို့အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ထိုမဲဆန္ဒနယ်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတို့အတွက် မည်သူတို့ကို ပြည်သူလူထု၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တာဝန်ပေးမည်နည်း ဆိုသည်ကို ပြည်သူ့ရှေ့မှောက်တွင် ဆန္ဒခံယူခြင်းဖြစ်၏။ ပြည်သူ့ တာဝန်များထမ်းရွက်ရန် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူခြင်းဟု ဆိုရပါမည်။

မှန်ပါသည်။ ရွေးကောက်ပွဲဟူသည် ပြည်သူလူထု၏ သဘောဆန္ဒကို မဲပေးရွေးချယ်သည့်နည်းဖြင့် ဖော်ထုတ်ပြသခြင်းဖြစ်ပါသည်။ မည်သည့် မဲဆန္ဒနယ်တွင် မည်သည့်နိုင်ငံရေးပါတီနှင့် နိုင်ငံရေးခေါင်းဆောင်ကို တာဝန်ပေးမည်ဟူသော ပြည်သူ့သဘောထားကို မဲပေးခြင်းဖြင့် ဖော်ပြကြခြင်းဖြစ်ပါသည်။ ပြည်သူတို့ ပေးလိုက်သော မဲအရေအတွက်တို့က လွှတ်တော်များတွင် လွှမ်းမိုးဦးဆောင်မည့် ပြည်သူ့ကိုယ်စား လှယ်များကို ပေါ်ထွက်လာစေမည် ဖြစ်၏။

ထို့ကြောင့် ပြည်သူလူထု၏ မဲတစ်ပြားသည် နိုင်ငံကို ဦးဆောင်မည့်သူများကို ရွေးချယ်နေခြင်းဖြစ်ပေသည်။ ပါတီများ နိုင်ငံရေး ခေါင်းဆောင်များကလည်း နိုင်ငံ့တာဝန်ထမ်းရွက်ရန်အလို့ငှာ ရွေးကောက်ပွဲတွင် ၎င်းတို့ကို မဲပေးကြဖို့ တောင်းခံကြ၏။

ပြည်သူတို့ကလည်း တာဝန်ကျေပွန်စွာ မဲပေးခဲ့ကြပြီးပြီ။ မဲများကို စတင်ရေတွက်နေပြီဖြစ်ရာ ပြည်သူတို့မှာ စိတ်လှုပ်ရှား ရင်ခုန်နေကြပြီ။ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြသူ ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည်လည်း ပြည်သူတို့နှင့်အပြိုင် ရင်ခုန်စိတ်လှုပ်ရှားနေကြမည်သာ။ မဲအများအပြားရရှိသူများရှိမည် ဖြစ်သလို မဲအနည်းအကျဉ်းမျှဖြင့် ကျေနပ်ရမည့် ကိုယ်စားလှယ်များလည်းရှိမည်။ မဲချင်း သိသိသာသာကွဲခြားကာ အနိုင်အရှုံး ပြတ်ပြတ်သားသား ကွဲကွဲပြားပြားဖြစ်သည့် မဲဆန္ဒနယ်များရှိသကဲ့သို့ မဲချင်းအပြိုင်အဆိုင်ဖြင့် မနီးယိုးစွဲဖြစ်နေသည့် မဲဆန္ဒနယ်တို့လည်း ရှိပါမည်။

ပြည်သူလူထုသည် ကိုဗစ်ရောဂါ၏ ခြိမ်းခြောက်နေမှုကို စိုးရိမ် မှုများကြားမှ၊ ထို့နောက် အခြားသောသတင်းတု သတင်းယောင်နှင့် ကောလာဟလများ ထုတ်လွှင့်ခြိမ်းခြောက်နေမှုများကြားမှပင် တစ်ခဲနက်မဲပေးကြသည်ကို တွေ့ရသည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးအတွက် အလွန်အားရဖွယ် အားတက်ဖွယ် ဖြစ်ပါသည်။ မဲပေးကြသည်ဆိုခြင်းတွင် မြန်မာနိုင်ငံသားတို့၏ တန်းတူညီမှု၊ မျှတမှု၊ လွတ်လပ်မှု၊ ဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေး ဒီမိုကရေစီအခွင့်အရေးတို့ဖြင့် ပြည့်စုံမှု၊ လူချင်းတူတူ သူချင်းမျှမျှ အလုပ်လုပ်ခွင့်၊ စီးပွားရှာခွင့် စသည့်စသည့် မျှော်လင့်ချက်များက အပြည့်ဖြစ်ပါမည်။ အနှစ်သာရ အပြည့်ဝဆုံးသည်ကား နိုင်ငံ၏ အုပ်ချုပ်ခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တာဝန်တို့ကို ပြည်သူ့ကိုယ်စားလှယ် များလက်ထဲသို့ အပ်နှင်းခြင်းပင်ဖြစ်ပါသည်။

ဤသည်ပင် ပါတီစုံဒီမိုကရေစီစနစ်၏ အနှစ်သာရတစ်ခုပင် ဖြစ်ပါ၏။ ဒီမိုကရေစီအုတ်မြစ် သည့်ထက်သည် ပိုမို ခိုင်မာမြဲမြံပါစေသတည်း။ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စီမံခန့်ခွဲမှုအဝဝတွင် ပြည်သူလူထု၏ အဆုံးအဖြတ်ကသာ ထာဝစဉ်အတည်ဖြစ်ပါစေသတည်း။ ။

မြန်မာ့အလင်း