ယုံကြည်မှုတည်ဆောက်ခြင်း

စိုးနိုင်ထွန်း

မြန်မာစကားတွင် “ယုံကြည်” ဟူသည့် စကားလုံးတွဲလေးရှိသည်။ စကားလုံးအားဖြင့် နှစ်လုံးတည်းသာဖြစ်သော်လည်း နေရာတကာတွင် အင်မတန်မှ အရေးပါသောစကားလုံး ဖြစ်သည်။ “ယုံ”၏ အဓိပ္ပာယ်မှာ အမှန်အဖြစ်မှတ်ယူသည်။ စိတ်ချသည်။ ဖြစ်ပြီး “ကြည်”၏ အဓိပ္ပာယ်မှာ နှစ်သက်သည်။ သဘောကျသည်။ ဟု မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ 

မဖြစ်မနေတည်ဆောက်ထားရမည့် အခြေခံ Key Player

မည်သည့်အရေးကိစ္စတွင်မဆို ယုံကြည်မှု မတည်ဆောက်နိုင်ပါက နှစ်ဦးနှစ်ဖက် win-win solution ဖြစ်မလာနိုင်ပေ။ ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building) ကို လျှော့တွက်၍မရဘဲ အမြဲထည့်သွင်းစဉ်းစားထားဖို့လိုပေသည်။ အဘယ် ကြောင့်နည်းဟူမူ နိုင်ငံရေးတွင်လည်း သူမပါလျှင် မပြီး အရေးကြီးသည့်အရာဖြစ်သည်။ အခြားကဏ္ဍများဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည့်နေရာစုံတို့တွင် မဖြစ်မနေတည်ဆောက် ထားရမည့်အခြေခံ Key Player ကြီးပင် ဖြစ်ပါသည်။

ထို့ကြောင့် ဩစတြေးလျကဗျာဆရာမ Alison Croggon က “If we do not trust one another, we are already defeated. ကျွန်ုပ်တို့သည် တစ်စုံတစ်ယောက်ကို မယုံကြည်ပါက အစကတည်းက ရှုံးနိမ့်ပြီးဖြစ်သည်။”ဟု ယုံကြည်မှု၏ အရေးကြီးပုံကို ဆိုထားသည်။ အစိုးရနှင့် ပြည်သူ၊ ဆရာနှင့်တပည့်၊ ခင်ပွန်းနှင့်ဇနီး၊ မိဘနှင့်သားသမီး၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာဘုန်းကြီးရဟန်းနှင့် တပည့် ဒါယကာ၊ ဒါယိကာမ စသည့်နယ်ပယ်အသီးသီးတို့တွင် ယုံကြည်မှုကောင်းစွာ တည်ဆောက်နိုင်မှသာ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်စီမံနိုင်မည်ဖြစ်ပြီး ပြုမူလုပ်ဆောင်သမျှတို့တွင် အရာထင် တွင်ကျယ်မည်ဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ အသိုက်အဝန်းတစ်ခုနှင့်တစ်ခု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှုပျောက်ဆုံးသွားပါက သံသယများဝင်လာကာ အကောင်းမမြင်တော့ပေ။ ကောင်းသောရည်ရွယ်ချက်နှင့် ကောင်းသောအလုပ် ပင်ဖြစ်သော်လည်း အဆိုးဘက်မှကြည့်သောကြောင့် အဆိုးသာမြင်တော့သည်။ ထို့ကြောင့် ကြာလာသည့်အခါ သံသယအမုန်းတရားများ တိုးပွားလာပြီး စကားများရန်ဖြစ်သည်မှအစ စစ်ပွဲများဖြစ်သည်အထိပင် ဦးတည်လာတော့သည်။

မှန်ကန်မှုမရှိခြင်း၊ ရိုးသားမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ပေးထားသောကတိပျက်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း၊ ကွယ်ရာတွင် တစ်ဦးမကောင်းကြောင်း တစ်ဦးကပြောခြင်း၊ လျှို့ဝှက်ရမည့်ကိစ္စများကို မလျှို့ဝှက်နိုင်ဘဲ ထုတ်ဖော်ခြင်း၊ ကိုယ်နှုတ်မစောင့်စည်းခြင်း၊ တစ်ဦးနှင့်တစ်ဦး လေးစားမှုမရှိခြင်းတို့သည် ယုံကြည်မှုကို ပျက်ပြားစေသော အခြေခံအကြောင်းတရားများပင် ဖြစ်သည်။ မိမိမှာအပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည့်မာယာနှင့် မိမိမှာမရှိသောဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘတစ်မျိုးဖြစ်သည့် သာဌေယျတို့သည်လည်း အချင်းချင်း ယုံကြည်မှုပျက်ပြားစေသော အကြောင်းတရားများ ဖြစ်သည်။ ပညာရေးနယ်ပယ်တွင်လည်း ကျောင်းသားများရော ဆရာများပါ ရိုးရိုးသားသား ဆည်းပူးလေ့လာသင်ကြားပို့ချမှသာ ကျောင်းသားနှင့် ဆရာကြားသာမက ပညာရေးစနစ်နှင့် ပြည်သူလူထုကြားတွင် ယုံကြည်မှုပျောက်ဆုံးခြင်းဘေးမှ ကင်းဝေးမည်ဖြစ်သည်။

ယုံကြည်မှု၊ အားကိုးမှုများ ပျောက်ဆုံးသွားမည်

နိုင်ငံရေးတွင်လည်း ရွေးကောက်ခံကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးစဉ်က ပြောခဲ့သောစကား၊ ပေးခဲ့သောကတိများကို အမှန်တကယ် ရွေးကောက်ခံရချိန်တွင် မဖြည့်ဆည်း၊ မဆောင်ရွက်ပေးနိုင်ပါက အဆိုပါကိုယ်စားလှယ်သာမက ကိုယ်စားလှယ်နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများကိုပါ ယုံကြည်မှု၊ အားကိုးမှုများ ပျောက်ဆုံးသွားမည် ဖြစ်ပါသည်။

၂၀၀၃ ခုနှစ် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် အီရတ်နိုင်ငံ၌ ဖျက်အားပြင်း လက်နက်များရှိသည်ဟု စွပ်စွဲကာ အမေရိကန်နှင့် ၎င်းတို့၏ အပေါင်းပါတို့သည် အီရတ်နိုင်ငံအတွင်း ကျူးကျော်စစ်ပြုခဲ့ကြသည်။ သို့သော် အီရတ်နိုင်ငံအတွင်း၌ မည်သည့်ဖျက်အားပြင်းလက်နက်မျှ ရှာတွေ့ခြင်းမရှိပေ။ အကျိုးဆက်အားဖြင့် ကမ္ဘာ့နိုင်ငံအားလုံးက အမေရိကန်နှင့် ယင်း၏အပေါင်းပါ တို့အပေါ် ယုံကြည်မှုလျော့ကျကာ မေးခွန်းများ မေးစရာဖြစ်လာခဲ့တော့သည်။ နိုင်ငံရေးရိုးသားမှု၊ ပွင့်လင်းမြင်သာမှု မရှိခြင်းပင်ဖြစ်ပြီး ကြီးနိုင် ငယ်ညှဉ်းပြုမူခြင်းလည်းဖြစ်သည်။

ယုံကြည်မှုပျောက်ဆုံးလာပါက...

တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပျောက်ဆုံးလာပါက မိမိတို့၏အတွေးများ၊ အမြင်များကို ပွင့်လင်းစွာပြောဆိုရန် ခက်ခဲလာသည်။ မိမိတို့၏ နောက်ကျောအား ဓားထိုးခံရခြင်း၊ သစ္စာဖောက်ခြင်းတို့ ကြုံတွေ့ဖွယ်ရှိလာနိုင်သောကြောင့် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းမှုတို့ နည်းပါးလာကာ လုပ်ငန်းကိစ္စတို့တွင် အဟန့် အတားဖြစ်လာသည်။ ထို့အပြင် အခွင့်အလမ်းများ တစ်စတစ်စဆုံးရှုံးလာခြင်း၊ ဆက်ဆံရေးတို့ပျက်ပြားလာခြင်း၊ ပဋိပက္ခများ မကြာခဏဖြစ်ကာ တင်းမာ မှုများဖြစ်ပေါ်လာမည်ဖြစ်သည်။ အဆိုးဆုံးမှာ နှစ်ဦးနှစ်ဖက်စိတ်များတွင် ထိပ်တိုက်တွေ့ဆုံတိုင်း စိတ်မချမ်းသာမှုနှင့် စိတ်မကြည်လင်ခြင်းဟူသည့် ဒေါမနဿများသာ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်မှုသည် ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းကိစ္စများဆောင်ရွက်ရေးစသည့် ထိုထို ကိစ္စတိုင်းတွင် များစွာအရေးပါအရာရောက်သော ဥပဒေသကြီးဖြစ်ကြောင်းကို အမေရိကန်စာရေး ဆရာ Stephen Covey က “Trust is the glue of life. It’s the most essential ingredient in effective communication. It’s the foundational principle that holds all relationships. ယုံကြည်မှုသည် သက်ရှိသတ္တဝါတို့အား ပေါင်းစပ်ညှိနှိုင်းပေးသည့်ပစ္စည်းဖြစ်သည်။ ထိရောက်သောပေါင်းသင်း ဆက်ဆံရေး၏ မရှိမဖြစ်အရာလည်းဖြစ်သည်။လူမှုဆက်ဆံရေးအားလုံးကို ထိန်းချုပ်ထားသည့် အခြေခံဥပဒေသကြီးလည်းဖြစ်သည်။” ဟု ရေးသားထားသည်။

နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်

တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပျောက်ဆုံး သည့်အထဲတွင် ခေါင်းဆောင်များအချင်းချင်း သံသယများဝင်၍ ယုံကြည်မှုပျောက်ကာ တင်းမာမှုများ ဖြစ်ပေါ်လာပါက နောက်လိုက်များအတွက် အင်မတန်မှ အနေခက်၊ အနေကျပ်ဖြစ်ရသည်။ အကျိုးဆက်အားဖြင့် ယင်းအဖွဲ့အစည်းသည် ကြာရှည်မရပ်တည်နိုင်တော့ဘဲ အကွဲကွဲအပြားပြား သူတစ်လူ ငါတစ်မင်းဖြစ်ကာ မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းအဖြစ်မျိုး ကျွန်ုပ်တို့နိုင်ငံတွင် ကြုံခဲ့ဖူးကြပြီဖြစ်သည်။ အထင်ရှားဆုံးမှာ လွတ်လပ်ရေးရခါစက တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံတည် ဆောက်ရေးများ အသည်းအသန်ကြိုးစားနေရသည့် နုနယ်သေးသောအချိန်ကာလတွင် တစ်တိုင်းပြည် လုံးက အားကိုးနေရသည့်  ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးသည် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲကာ အခြားမလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်ပြီး တိုင်းပြည် ၏အခြေအနေမှာ ယိမ်းယိုင်ခဲ့ရသည်။ ထိုသို့ဖြစ်ရသည်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိဘဲ သံသယဖြစ်လာကြရာမှ တင်းမာမှု များဖြစ်ပေါ်ကာ အခြေအနေများ ဆိုးရွားလာခြင်း ဖြစ်သည်။ အိမ်တစ်အိမ်တွင် မိဘနှစ်ပါးသည် အခြားလူမှုရေးပြဿနာများကြောင့် စကားများ ရန်ဖြစ်ကြလျှင် မိဘနှစ်ပါးကို အားကိုးနေရသည့် ကလေးတို့မှာမူ နေစရာပင်မရှိ ဖြစ်ရသည်။ ထို့အတူပင် တိုင်းသူပြည်သားတို့မှာလည်း ကလေးငယ်များပမာ စိတ်မချမ်းမသာဖြစ်ကြရသည်။

ထို့ကြောင့် ယုံကြည်မှုတည်းဟူသော ကော်(glue)ကောင်းကောင်းဖြင့် တစ်ဦးအပေါ် တစ်ဦး ပေါင်းစပ်ဆောင်ရွက်နိုင်မှသာ နိုင်ငံတိုင်း နိုင်ငံတိုင်းသည်လည်းကောင်း၊ အဖွဲ့အစည်းတိုင်းနှင့် အသိုက်အဝန်းတစ်ခုစီတိုင်းသည်လည်းကောင်း၊ လူတစ်ဦးချင်း တစ်ယောက်ချင်းတိုင်း သည်လည်းကောင်း ကောင်းမွန်သာယာသော လူ့ဘောင်အဖွဲ့အစည်း၊ စည်ပင်ဝပြောသောနိုင်ငံ၊ တိုးတက်မြင့်မားသော ပညာရေးနှင့် ငြိမ်းချမ်း သာယာသော ကမ္ဘာသစ်ကြီးကို ဖန်တီးဖော်ဆောင် နိုင်မည်ဖြစ်ပါသည်။