ယူရိုဘောလုံးပွဲ နောက်ဆုံးပွဲစဉ်မှတစ်ဆင့် ကိုဗစ် -၁၉ ကူးစက်မှုတစ်ကျော့ပြန် ဖြစ်လာမည်ကို စိုးရိမ်နေကြရ

ကေကေစိုး

 

ကိုဗစ် - ၁၉ ဗီဇပြောင်း ဒယ်လ်တာကူးစက်မှုများကြောင့် ကမ္ဘာတစ်လွှားရှိ မြို့ကြီးများတွင် အသွားအလာ ကန့်သတ်မှုများ ကိုဗစ် - ၁၉ ကန့်သတ်ချက် ပြန်လည်တင်းကျပ်မှုများ ပြုလုပ်လာကြသည်။ ထို့ပြင် နိုင်ငံအသီးသီးမှ အာဏာပိုင်များကလည်း လူစုလူဝေး ပြုလုပ်ခြင်းမ ှရှောင်ရှားကြရန် သတိပေးထားကြသည်။ ဇူလိုင် ၁၁ ရက်တွင် ကျင်းပခဲ့သည့် ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုသည့် အတွက် ကူးစက်မှု များလာမည့်အန္တရာယ်ကို ဗြိတိန်အာဏာပိုင်များက သတိပေးခဲ့ကြသည်။

 

ကန့်သတ်မှုပြန်လည်လုပ်ဆောင်

 

ကူးစက်မှုနှုန်း အလွန်လျင်မြန်သည့် ဒယ်လ်တာဗိုင်းရပ်စ်ကို ကြောက်ရွံ့သည့်အတွက် သတိပေးခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဒယ်လ်တာဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးအနှံ့ကူးစက်မှုများ ပျံ့နှံ့နေပြီဖြစ်သည်။ ကူးစက်မှုနှုန်းကို တိုက်ဖျက်ရန်အတွက် အချို့သောမြို့ကြီးများတွင် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများကို ပြန်လည်လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ကိုဗစ် -၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်အောင် ကြိုးစားရန် ပြင်ဆင်နေကြသည့်နိုင်ငံများအတွက် ဒယ်လ်တာကြောင့် အနှောင့်အယှက် အဟန့်အတားများ ကြုံလာရသည်။

 

အချက်ပြထား

 

ယူရိုဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အတွက် ပရိသတ်အရေ အတွက်ကို ၆၀၀၀၀ ကျော်အထိ ကြည့်ရှုခွင့်ပေးခဲ့သည်။ ကပ်ရောဂါ စတင်သည့် အချိန်မှစတင်၍ ဗြိတိန်တွင် လူအများဆုံးစုဝေးခွင့် ပေးခဲ့ပွဲလည်းဖြစ်သည်။ ကွင်းအတွင်း လာရောက်ကြည့်ရှုကြသည့် ပရိသတ်များအပြင် အရက်ဆိုင်များတွင်ပါ ကြည့်ရှုကြသည့် ပရိသတ်များအတွက်ပါ အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အင်္ဂလန်တွင်ဖြေလျှော့ပေးရန် ကျန်ရှိနေသေးသည့် ကန့်သတ်ချက်များကိုပါ ဇူလိုင် ၁၉ ရက်တွင် ဖြေလျှော့ပေးသွားရန် အချက်ပြထားသည်။

 

မကျေနပ်ကြ

 

သို့သော်လည်း ကူးစက်မြန်ဒယ်လ်တာကြောင့် ကူးစက်မှုနှုန်းမှာ တစ်စတစ်စတိုးလာခဲ့သည်။ အရွယ်ရောက်ပြီးသူ ၈၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးပြီးပြီဟု ဘောရစ်ဂျွန်ဆင် ၏ အစိုးရအဖွဲ့က ပြောသည်။ သို့သော်လည်း ဆေးရုံတက်ရမှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာ များပြားနေဆဲဖြစ်သည်။ အင်္ဂလန်တွင် ပိတ်ဆို့ကန့်သတ်ထားမှုများ ဖြေလျှော့ပေးရန်အတွက် သိပ္ပံပညာရှင်အများစုက မကျေနပ်ကြချေ။ လူမှုဝေးကွာ အစီအစဉ်များနှင့် ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်မှု ဖြေလျှော့ပေးခြင်းတို့ကို သိပ္ပံပညာရှင်အများစုက မလိုလားကြချေ။ ယူရို ၂၀၂၀ ဘောလုံးပွဲစဉ်များကြောင့် ကိုဗစ် -၁၉ ကူးစက်မှုများ တစ်ဖန်ပြန်ပြီး ပျံ့နှံ့လာမည်ကို စိုးရိမ်မိကြောင်း ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ပြောသည်။

 

ကူးစက်မှုများ ပြန်လည်တွေ့ရှိ

 

ယခုဆိုလျှင် ဗြိတိန်၌ ဒယ်လ်တာကူးစက်မှုမှာ ပျံ့နှံ့နေပြီဖြစ်သည်။ ယူရိုဘောလုံးပွဲစဉ်များ ကြည့်ရှုပြီးနောက် ဒိန်းမတ်၊ ဖင်လန်နှင့် စကော့တလန်တို့မှ ပွဲကြည့်ပရိသတ်များတွင် ကိုဗစ် - ၁၉ ကူးစက် လာသည်ကို တွေ့မြင်လာရကြောင်း အာဏာပိုင်များက ပြောသည်။ တစ်ကမ္ဘာလုံးအနှံ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ လေးသန်း ရှိလာပြီး ကိုဗစ် -၁၉ ကပ်ရောဂါကို အကောင်းဆုံးရင်ဆိုင် ထိန်းချုပ် နိုင်ခဲ့သည့် နိုင်ငံများတွင်ပါ ကူးစက်မှုများ ပြန်လည်တွေ့ရှိလာရသည်။ ဩစတြေးလျနိုင်ငံသည် ကိုဗစ် -၁၉ထိန်းချုပ်နိုင်ရေးအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်သည်။ သို့သော်လည်း ယခုအခါ ကူးစက်မှုများ ပြန်လည်များပြားလာသည့်အတွက် ဆစ်ဒနီမြို့တွင် အသွားအလာ ပိတ်ဆို့ကန့်သတ်မှု ချမှတ်ခဲ့ရသည်။

 

ဆိုးရွားလာနိုင်

 

ဆစ်ဒနီ၌ ဇူလိုင် ၁၁ ရက်တွင် ကိုဗစ် -၁၉ ကြောင့် လူသေဆုံးမှုရှိခဲ့သည်။ ဩစတြေးလျရှိ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီတွင် အခြေအနေများမှာ မျှော်မှန်းထားသည်ထက် ဆိုးရွားလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။ အသွားအလာ ပိတ်ဆို့ကန့်သတ်မှု တတိယ သီတင်းပတ်ပြုလုပ်ခဲ့ပြီး ကာကွယ်ဆေး မထိုးရသေးသူများလည်း အများအပြား ရှိနေသေးသည်။ ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင် ကိုယ်တိုင်ကလည်း ပြည်သူများ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများကြောင့် စိတ်ပျက်နေပြီကို နားလည်ကြောင်း ပြောကြားခဲ့သည်။ လာမည့်ရက်ပိုင်းအတွင်း အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း နယူးဆော့ဝေးပြည်နယ် ဝန်ကြီးချုပ် ဂလက်ဒစ်ဘယ်ရီဂျီကလီယန် က ပြောသည်။

 

ပြန်လည်ချမှတ်

 

တောင်ကိုရီးယားနိုင်ငံသည်လည်း ကိုဗစ် - ၁၉ တိုက်ဖျက်ရေးအတွက် စံပြနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအခါ ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာသည့်အတွက် ဇူလိုင် ၁၁ ရက်မှ စတင်ကာ တင်းကျပ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရသည်။ ဆိုးလ်မြို့နှင့် အနီးတစ်ဝိုက်တွင် ကူးစက်မှုများ ပြန်လည်များပြားလာသည့်အတွက် ယခုလိုလုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။ အာရှ-ပစိဖိတ် ဒေသတွင်လည်း ကူးစက်မှုများ ပြန်လည်များပြားလာသည်ကို တွေ့မြင်နေရသည်။ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ကူးစက်မှုများကြောင့် အသွားအလာပိတ်ဆို့ကန့်သတ်မှုများကို ပြန်လည်ချမှတ် နေရသည်။

 

လိုအပ်လျက်ရှိ

 

ကိုဗစ် -၁၉ကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် အင်ဒိုနီးရှားနိုင်ငံသို့ မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးသန်းကို အင်ဒိုနီးရှားနိုင်ငံသို့ ပေးပို့ခဲ့သည်။ ကမ္ဘာပေါ်တွင် စတုတ္ထလူဦးရေအများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ၁၀၀၇ ဦးရှိခဲ့ပြီး နောက်ထပ်ကူးစက်ခံရမှုပေါင်း ၃၆၀၀၀ ထိရှိခဲ့သည်။ ကူးစက်မှု မြန်ဆန်သည့် ဒယ်လ်တာပျံ့နှံ့မှုမှာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများကိုပါ ပျံ့နှံ့နေပြီဖြစ်သည်။ ဝင်ငွေနည်းသည့် နိုင်ငံများအတွက် ကာကွယ်ဆေးရရှိရန်မှာ အရေးပေါ်လိုအပ်လျက်ရှိသည်။

 

အဟန့်အတားများဖြစ်

 

ကာလရှည်ကြာ ကပ်ရောဂါနှင့် ရင်ဆိုင်ရမှုကြောင့် စီးပွားရေးပြန်လည်ရှင်သန်ရေးအတွက် မျှော်လင့်ချက်မှာလည်း မှေးမှိန်ခဲ့ရ သည်။ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကို စိုးရိမ်ရသည့်အပြင် အခြားသော ကိုဗစ် -၁၉ ဗီဇပြောင်းများကြောင့် စီးပွားရေးပြန်လည်နာလန်ထူရာတွင် အနှောင့်အယှက် အဟန့်အတားများ ဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

ကိုးကား - အေအက်ဖ်ပီ