ဝန်းသို ၁၂ မတ်
စစ်ကိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မိသလင်ဂျင်းကျေးရွာတွင် ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ လူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အသိပညာပေး ဟောပြောပွဲကို မတ် ၁၁ ရက်နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁) ဦးတင်ဝင်းမြင့်က ပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့် ဖြစ်တတ်သော ရောဂါများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ကြည်က ပတ်ဝန်းကျင် သန့်ရှင်းရေး၏ အရေးကြီးပုံကိုလည်းကောင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ဦးစီးဌာန၏ လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည့် ကျန်းမာသန့်ရှင်းရေး လုပ်ငန်း မဟာဗျူဟာ ရည်မှန်းချက်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်နှင့်အညီ ကျေးရွာအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းအကြောင်းကို Power point ဖြင့် လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ သိရှိလိုသည့် အချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ကျေးရွာအတွင်း စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


