ရန်ကုန် ၁၈ ဖေဖော်ဝါရီ
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၂)ကြိမ်မြောက် ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင် ကုန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော် မြန်မာ့ရိုးရာထမနဲ ပွဲတော်ကျင်းပ ရေးဗဟို ကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့အလှည့်ကျ သဘာပတိ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေးနှင့် ဒုတိယဥက္ကဋ္ဌဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက် တို့နှင့်အတူ ပြိုင်ပွဲကို ဖွင့်လှစ်ပေး၍ ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုငွေကျပ် ရှစ်သိန်း၊ ဒုတိယဆုငွေကျပ် ခုနစ်သိန်း၊ တတိယဆုငွေကျပ် ခြောက်သိန်း၊ စတုတ္ထဆုငွေကျပ် ငါးသိန်း၊ ပဉ္စမဆုငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆုငါးဆုအတွက် ဆုငွေကျပ် သုံးသိန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ထမနဲများကို အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော် များအား ထမနဲဆွမ်း လောင်းလှူခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနစ်ရက်သား သမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်


