ပဲခူး  ၁၇ မတ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ ကျန်းမာရေးအတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြုစုစောင့်ရှောက်မှု အစဉ်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၄ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆေးရုံဝန်းအတွင်း၌ ဝန်ထမ်း အိမ်ယာကိုပါ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ရန်ပုံငွေကျပ် သိန်း ၃၀ဝ၀ ကျော်ဖြင့် ဆောက်လုပ် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ညောင်လေးပင်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၈ နာရီမှ  ညနေ ၄ နာရီခွဲအထိ ပြင်ပလူနာဌာန ဖွင့်လှစ်၍ အထွေထွေရောဂါများ အခမဲ့ ကုသပေးလျက်ရှိပြီး ဆေးရုံသစ်ကြီး ဖွင့်လှစ်ပေးခြင်းကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၆၁)အုပ်စုမှ ပြည်သူ (၂)သိန်းကျော်နှင့် ဆက်စပ်မြို့နယ်များမှ ပြည်သူများ၊ ဆေးရုံတက်ကုသရန် လိုအပ်သော လူနာများအား အတွင်းလူနာအဖြစ် (၂၄)နာရီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)