ရန်ကုန် ၁၆ မတ်
ရန်ကုန်မြို့ အခြေစိုက် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုရီးယား-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံရေးနှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေဖြင့် ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲကို ယနေ့ ည ၆ နာရီက ရန်ကုန်မြို့ ရှိ One Entertainment Park Indoor ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဖျော်ဖြေပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ သံတမန်များ၊ အနုပညာရှင်များနှင့် K-Pop ပရိသတ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖျော်ဖြေပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့ထားသည့် နှုတ်ခွန်းဆက်အမှာစကား Video Message ကိုဖွင့်လှစ်ပြသပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဖျော်ဖြေပွဲသို့ တက်ရောက်လာကြသော မြန်မာ-ကိုရီးယား ကလေးငယ်များနှင့်အတူ အနာဂတ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်ကာ စက္ကူလေယာဉ်ငယ်လေးများကို လွှတ်တင်ကြသည်။
ထို့နောက် K-Pop အဖွဲ့များဖြစ်ကြသည့် BOYFRIEND၊ NOIR ၊ APRIL၊ Rose Quartz အဖွဲ့တို့က မြူးကြွသည့်သံစဉ်၊ လှပသည့်ကကွက်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာမြန်မာ K-Pop ပရိသတ်များက ဖုန်းမီးများကိုဖွင့်ကာ ပျော်ရွှင်စွာ အားပေးကြသည်။
တောင်ဥက္ကလာပမြို့နယ်မှ မမြတ်ဖြူဖြူစိုးက “K-Pop သီချင်းတွေကိုကြိုက်လို့ လာအားပေးတာပါ။ ပြည်တွင်းရှိုးပွဲတွေကို မကြာခဏကြည့်ဖြစ်တယ်။ ကိုရီးယားပွဲကိုတော့ အခုမှ ပထမဆုံးကြည့်ဖူးတာပါ။ ဒီနေ့ဖျော်ဖြေတဲ့ အဖွဲ့တွေ အကုန်လုံးကို အားပေးခဲ့တယ်” ဟုပြောသည်။
အဆိုဖျော်ဖြေပွဲကို ပံ့ပိုးပေးသော JBJ Entertainment မှ ထုတ်လုပ်မှု မန်နေဂျာ ကိုကောင်းသော်က “အခုလိုကျင်းပတဲ့အတွက် မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ဖုန်းထဲမှာပဲ အမြဲတွေ့နေရတဲ့ K-Pop Idol တွေကို နိုင်ငံတကာနဲ့တန်းတူ တွေ့မြင်နိုင်ပြီး K-Pop ယဉ်ကျေးမှုတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်တွေထက် နောက်မကျဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မှာဖြစ်ပါတယ်” ဟုပြောသည်။
ယနေ့ဖျော်ဖြေပွဲကို 2019 K-Pop Friendship Concert In Yangon အမည်ဖြင့် ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဖျော်ဖြေပွဲများကို K-Pop ယဉ်ကျေးမှု ထွန်းကားနေသည့် နိုင်ငံများတွင် K-Pop Friendship Concert အမည်ဖြင့် ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံဖေဇော်


