ပြင်ဦးလွင် ၁၁ မတ်       

ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်အား ပျက်စီးစေပြီး လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် ရေရှည်စဉ်ဆက်မပြတ်သော အခြားနည်းလမ်းများအား ရှာဖွေဖော်ထုတ်ခြင်းတို့ကို အတူအတွ ပူးပေါင်းဆောင်ရွက်သွားကြရန် ရည်ရွယ်ပြီး  ၂၀၁၉  ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊  ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုမှ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ခရိုင်ကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ဒေသခံပြည်သူများက မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်သော အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက  အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)