၁၄ ဩဂုတ်
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲစဉ်ဇယားကို သြဂုတ် ၁၄ ရက်က အတည်ပြုထုတ်ပြန်လိုက်သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် MNL အမှတ်ပေးပြိုင်ပွဲကို ပြန်လည်ကျင်းပခွင့်ရပြီးနောက် မြန်မာနေရှင်နယ်လိဂ်သည် သြဂုတ် ၁၄ ရက်က ကလပ်အသင်းများနှင့် အစည်းအဝေးပြုလုပ်ကာ ပွဲစဉ်ဇယားကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ကျန်ပွဲများကို သြဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၊ YUSC ကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲကို တစ်လခွဲအတွင်း အပြီးကျင်းပရန် ဆောင်ရွက်ထားပြီး အသင်းတစ်သင်းလျှင် ၁၀ ရက်ကို သုံးပွဲနှုန်း ကစားရဖွယ်ရှိနေသည်။ ပထမဆုံးကျင်းပမည့် ပွဲစဉ် (၁၀) တွင် လေးပွဲသာ ပါဝင်မည်ဖြစ်ပြီး သြဂုတ် ၂၂ ရက်တွင် ရှမ်းယူနိုက်တက်နှင့် Southern အသင်း၊ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ သြဂုတ် ၂၃ ရက်တွင် ရတနာပုံအသင်းနှင့် အားကာသိပ္ပံအသင်း၊ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များမှာ သြဂုတ် ၂၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို သြဂုတ် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ လက်ကျန်ပွဲများကို ဆက်တိုက်ကစားရမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားသလို ကလပ်အသင်းများအားလုံး လိုက်နာရန်လည်း ညွှန်ကြားထားသည်။
ပြိုင်ပွဲခေတ္တရပ်နားချိန်တွင် ဟံသာဝတီအသင်း က ရှစ်ပွဲကစား ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ခုနစ်ပွဲကစား ၁၇ မှတ်၊ ရန်ကုန်အသင်းက ခုနစ်ပွဲကစား ၁၄ မှတ်၊ ရခိုင်အသင်းက ခုနစ် ပွဲကစား ၁၃ မှတ်၊ ရှမ်းယူနိုက်တက်အသင်း က ခုနစ်ပွဲကစား ၁၁ မှတ်၊ စစ်ကိုင်းအသင်း က ရှစ်ပွဲကစား ၁၀ မှတ်၊ မကွေးအသင်းက ခုနစ်ပွဲကစား ခြောက်မှတ်၊ ရတနာပုံအသင်း က ခုနစ်ပွဲကစား လေးမှတ်၊ အား/ကာသိပ္ပံ အသင်းက ခုနစ်ပွဲကစား သုံးမှတ်၊ Southern အသင်းက ခုနစ်ပွဲကစား တစ်မှတ် ရရှိထားသည်။ လက်ရှိအမှတ်ပေးဇယားထိပ်ပိုင်းတွင် အပြိုင်ဖြစ်နေသည့် ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်းမှာမူ နောက်ဆုံးပွဲမှသာ တွေ့ဆုံနေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်


