နန်နင်း နိုဝင်ဘာ ၃
China Media Group(CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ် (2025 ASEAN Partners Media Cooperation Week) ဖွင့်ပွဲကို ယနေ့တွင် တရုတ်နိုင်ငံ နန်နင်းမြို့ ဝူရှန်းဧည့်ဂေဟာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အဖွဲ့တို့ တက်ရောက်ကြသည်။
ဦးစွာ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဆိုင်ရာ တာဝန်ရှိသူနှင့် China Media Group ဒုတိယဥက္ကဋ္ဌ မစ္စတာဖန့်ယွင်က တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ မီဒီယာ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲများအား တွေ့ဆုံနှုတ်ဆက်ပြီး အမှာစကား ပြောကြားသည်။
ထို့နောက် CPC Gunagxi Committee ပြည်သူ့ရေးရာဌာန ဝန်ကြီး H.E. Chen Yijun၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ H.E.KemGuanwadh ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ထိုင်းနိုင်ငံ Media Development Foundation မှ CEO Dhanakron Srisooksai တို့က အမှာစကားပြောကြားကြသည်။
ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲ သီတင်းပတ်၏ ဦးတည်ချက်မှာ “Openness,Culture, Shared Home” ဖြစ်၍ အဓိပ္ပာယ် များစွာရှိကြောင်း၊ မိမိတို့အာဆီယံ နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံမျာအကြား ပွင့်လင်းမြင်သာမှု၊ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ခြင်း၊ မီဒီယာကဏ္ဍ အပြန်အလှန် မြှင့်တင်ခြင်းများဖြင့် အချင်းချင်းပေါင်းသင်းဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသ၏စွမ်းအားကို မြှင့်တင်စေမည်ဖြစ်ကြောင်း၊ အချင်းချင်း မိသားစုသဖွယ် တစ်မိုးတည်းအောက် အိမ်တစ်အိမ်တည်းတွင် စိတ်တူညီမျှညီညွတ်စွာ ပူးပေါင်းနေထိုင်ကြမှသာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုကောင်းများဖြင့် နယ်နိမိတ်များကို ကျော်လွှားပြီး တစ်စုတစ်စည်းတည်းဖြစ်သည့် အသိုက်အဝန်းကို တည်ထောင်နိုင်ရေး မိမိတို့မီဒီယာကဏ္ဍမှ နိုင်ငံအသီးသီးက ပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်သွားကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်မှုသီတင်းပတ် ဖွင့်ပွဲ အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့ကြပြီး မှတ်တမ်းတင် Video Clip ကိုပြသကာ အာဆီယံ မီဒီယာ လုပ်ဖော်ကိုင်ဖက်များက “China Up Close” ပူးတွဲမီဒီယာ ခရီးစဉ်စတင်ခြင်း၊ ဉာဏ်ရည်တုဖြင့် အဆင့်မြှင့်တင်ထားသော နန်နင်းမြို့၏ ပုံရိပ်မြှင့်တင်ရေး စီမံကိန်းစတင်ခြင်း၊ Micro-Dremas မှတစ်ဆင့် ကွမ်ရှီးနှင့်ထိုင်းနိုင်ငံသို့ ခရီးသွားခြင်း၊ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း စတင်ခြင်းနှင့် တရုတ်မီဒီယာ အဖွဲ့အစည်း၏ မူပိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း အခမ်းအနားတို့ကို ကျင်းပခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာသော ပြန်ကြားရေးဆိုင်ရာ အကြီးအကဲများသည် တရုတ်နိုင်ငံ မီဒီယာအဖွဲ့ CMG မှ တာဝန်ရှိသူ များနှင့် သီးခြားတွေ့ဆုံ၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မီဒီယာကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ အဖွဲ့များသည် နန်နင်းမြို့ Guangxi Anthropology Museum သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
သတင်းစဉ်


