တန်ဆောင်တိုင်ပွဲတော် အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည်

နေပြည်တော်   နိုဝင်ဘာ   ၂

၂၀၂၅ ခုနှစ်      မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး  တန်ဆောင်တိုင်ပွဲတော်     မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်း ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။                                                                                                                

အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  ဇနီး ဒေါ်ကြူကြူလှ၊  ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင်  နိုင်ငံတော်ဝန်ကြီးချုပ်   ဦးညိုစောနှင့် ဇနီး၊  ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်  ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊  ပြည်ထောင်စုဝန်ကြီးများနှင့်  ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   မီးပုံးပျံလွှတ်တင်ရေး ပြိုင်ပွဲဝင်အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများကလည်း  စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ မြန်မာ့အသံနှင့်   ရုပ်မြင် သံကြားမှ တိုင်းရင်းသား  တိုင်းရင်းသူများ၊ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များ၊   အနုပညာရှင်များက မြန်မာ့ရိုးရာမီးပုံးငယ်များကို ကိုင်ဆောင်၍    လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

ထို့နောက်     နိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးတို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်   မီးထွန်းပွဲတော်   မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို    ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ်များကို  တစ်ပြိုင်နက်လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ  ပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်     ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက   ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တန်ဆောင်တိုင်ပွဲတော်   မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊   ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ကြရာ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊  အခမ်းအနားတက်ရောက်လာကြသူများသည် ညမီးကြီး  မီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများအား ပြိုင်ပွဲဝင်အသင်းများအလိုက် အသီးသီးလွှတ်တင်ပူဇော်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြပြီး လာရောက်အားပေးကြသည့်   မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထိုကဲ့သို့ မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များကလည်း ရိုးရာအကအလှများဖြင့်  ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက်     နိုင်ငံတော်ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးတို့သည်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဆီမီးများကို   အတူတကွ ထွန်းညှိပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  လက်ယာရစ်လှည့်လည်   ဖူးမြော်ကြည်ညိုပြီး   သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးအား  ထိုးခတ်ပူဇော်ကာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြသည်။

ခင်းကျင်းပြသရောင်းချ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်  အခါသမယအဖြစ် တန်ဆောင်တိုင် မီးထွန်း ပွဲတော်ကို နိုဝင်ဘာ ၂ ရက် မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီး    ရင်ပြင်တော်၌   ဝတ်ရွတ်အသင်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ    ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်   စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊    မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓ ဥယျာဉ်ဝတ္ထု     ကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော် ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏  ဒေသထွက်ကုန်၊ စားသောက်ကုန်၊   လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များကလည်း  တေးဂီတနှင့် ဇာတ်သဘင်   ဖျော်ဖြေ ပွဲများဖြင့်    တင်ဆက်သွားမည်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ  စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

သတင်းစဉ်