နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၅ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယ ကျောင်းတော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ပင့်သံဃာတော်များနှင့် မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူးတွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကပ်လှူပူဇော်
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မာရဝိဇယ ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး နှင့် ပန်းမန်၊ သောက်တော်ရေချမ်း များ ကပ်လှူပူဇော်သည်။
ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် မာရဝိဇယကျောင်းတော် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နေမိန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ကထိန်အလှူခံကျောင်း မာရဝိဇယ ကျောင်းတော်ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနေမိန္ဒထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်ဇနီးတို့သည် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆရာတော် သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အနုမောဒနာတရား နာကြား
ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပါဠိတက္ကသိုလ် မင်္ဂလာ ဇေယျုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာကြားသည်။
ဆက်လက်၍ မာရဝိဇယ ကျောင်းထိုင်ဆရာတော်ကြီးထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ မာရဝိဇယကျောင်းတော်ကြီးသို့ လှူဒါန်းရန် ခင်းကျင်း ပြင်ဆင်ထားသည့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။
ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး
ထို့နောက် အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်း ဖြိုးကြသည်။
အခမ်းအနားအပြီးတွင် ပါဠိဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မာရဝိဇယကျောင်း တော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၁၂ ပင်၊ တန်ဖိုး ငွေကျပ် ၂၅၁၆၇၆၀၀ နှင့် လှူဒါန်း ငွေကျပ် ၂၈၃၃၃၄၀၀ ဖြစ်သဖြင့် စုစုပေါင်း လှူဒါန်းမှုမှာ တန်ဖိုး ငွေကျပ် ၅၃၅၀၁၀၀၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


