မော်လမြိုင် စက်တင်ဘာ ၁၄
၂၀၂၅ ခုနှစ် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမည အားကစားကွင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲအားကစားသမားများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘီးလင်းမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ် အမျိုး သမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျိုက်မရောမြို့နယ် အမျိုးသမီးအသင်းက အနိုင်ရ ဗိုလ်စွဲသွားသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးကစားသမားဆုရရှိကြသူများနှင့် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသည့် အသင်းများကို တံခွန်စိုက်ဒိုင်းဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ် အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက ပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး မဟာဂီတ၊ အခြေခံပညာ အသက်(၁၀နှစ်မှ- ၁၅နှစ်) နှင့် (၁၅ နှစ်မှ-၂၀နှစ်) အဆိုပြိုင်ပွဲ များတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိကြသူများအား လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က အခြေခံပညာ အသက်(၁၀နှစ်မှ- ၁၅ နှစ်) အမျိုးသား၊ အမျိုးသမီးခေတ်ဟောင်းကာလပေါ် တေးသီချင်းများပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက ၂ဝ၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဗဟိုအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များက အဆို၊ အက၊ အတီးတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် မွန်တိုင်းရင်းသားရိုးရာ ယိမ်းအကပြိုင်ပွဲဝင်အဖွဲ့များထံ ဂုဏ်ပြုပန်းခြင်းနှင့် အဖွဲ့ခေါင်းဆောင်ထံ အောင်နိုင်ရေးအလံပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


