နေပြည်တော် ဇူလိုင် ၁၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန က ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာဇုန်များအလိုက် အားကစား ကွင်းအသီးသီး၌ ပြိုင်ပွဲဝင်အသင်းများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့မှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက် ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့မွန်းလွဲ ၃ နာရီမှ စတင်၍ ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိ သရေရလဒ်ဖြင့်လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် တစ်ဂိုးစီ ဖြင့်လည်းကောင်း ရလဒ်များ ရရှိခဲ့ကြသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး ပဲခူး ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းမှစတင်၍ မြို့အားကစားဥယျာဉ်ကွင်း၌ မန္တလေး တိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ် အသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ နေပြည်တော် အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် အားကစားကွင်း၌ တနင်္သာရီတိုင်းဒေသ ကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဇူလိုင် ၂၁ ရက်မှ စတင်၍ အမျိုးသား ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိအားကစားကွင်းများ၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


