ခါတွန်   ဒီဇင်ဘာ   ၂၉

၂၀၂၅ ခုနှစ်အတွက် ဆူဒန်နိုင်ငံ၏ ရွှေထုတ်လုပ်မှုမှာ တန်ချိန် ၇၀ အထိရှိခဲ့ပြီး ယင်းမှာ လျာထားချက်ထက် ၁၃ ရာခိုင်နှုန်း ပိုများပြားကြောင်း ဆူဒန်သတ္တုတွင်းဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနအောက်ရှိ ဆူဒန်သတ္တု သယံဇာတကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း   သတ္တုတွင်းကဏ္ဍမှ   ဝင်ငွေ   ဆူဒန်ပေါင်  ၁ ဒသမ ၀၈၇ ထရီလီယံခန့် (အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်) ရရှိခဲ့ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီး   နူးရ်အယ်ဒမ်တာဟာက  လာမည့်နှစ်တွင် ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပြီး သတ္တုတွင်းကဏ္ဍ၏  ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် အမျိုးသားစီမံကိန်းအသစ်များကို ထည့်သွင်းရန် ညွှန်ကြားခဲ့သည်။ ဆူဒန်နိုင်ငံသည် နိုင်ငံခြားငွေရရှိရေးမှာ ရွှေတင်ပို့မှုပေါ်တွင် မှီခိုအားထားနေရပြီး နိုင်ငံ၏ ရွှေထုတ်လုပ်မှုမှာ ၂၀၁၇  ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဆူဒန်နိုင်ငံ၏ ရေနံမဟုတ်သော ပို့ကုန်များအနက်   ရွှေသည်  အများဆုံးတင်ပို့ရသော ပစ္စည်းဖြစ်သည်။ စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅၇ ဘီလီယံရှိသည့်အနက် ရွှေတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ  ၀၂ ဘီလီယံရှိခဲ့ပြီး ယင်းမှာ ရေနံမဟုတ်သော ပို့ကုန်စုစုပေါင်း၏ ၄၆ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ဆူဒန်ဗဟိုဘဏ်၏ စာရင်းအင်းအချက်အလက်များအရ  သိရသည်။                                          

ဆင်ဟွာ