ခေတ္တမန္တူ ဇန်နဝါရီ ၂

 

၂၀၂၅ ခုနှစ်တွင် နီပေါနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၁ ဒသမ ၁၅ သန်းကျော် လာရောက်ခဲ့ပြီး အဆိုပါအရေအတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တစ်ရာခိုင်နှုန်း တိုးလာကြောင်း နီပေါ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (NTB) က ယမန်နေ့တွင် ပြောကြားခဲ့သည်။

 

နီပေါနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၁၁၅၈၄၅၉ ဦး လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ကိုဗစ် - ၁၉ ကပ်ရောဂါအကြိုအဆင့်နှင့် နှိုင်းယှဉ်ပါက ၉၇ ရာခိုင်နှုန်း ပြန်လည်တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။

 

တစ်နှစ်ပတ်လုံး ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ဆက်တိုက်တိုးလာနေသော်လည်း စက်တင်ဘာလ အစောပိုင်းတွင် နိုင်ငံရေးမငြိမ်သက်မှုကြောင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၁၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့သော် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက နောက်သုံးလအတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

 

အိန္ဒိယနိုင်ငံသည် နိုင်ငံသား ၂၉၂၄၃၈ ဦးဖြင့် စုစုပေါင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု၏ ၂၅ ဒသမ ၂ ရာခိုင်နှုန်းဖြင့် နိုင်ငံခြားလာရောက်လည်ပတ်မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

 

အမေရိကန်နိုင်ငံက လာရောက်လည်ပတ်သူ ၁၁၂၃၁၆ ဦးဖြင့် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံက လာရောက်လည်ပတ်သူ ၉၅၄၈၀ ဦးဖြင့် တတိယနေရာတွင် ရှိသည်။ ထို့ပြင် ဗြိတိန်နိုင်ငံက ခရီးသည် ၅၈၆၈၄ ဦးဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခရီးသည် ၅၇၅၄၅ ဦးဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်