ဖနောင်ပင် ၁၇ နိုဝင်ဘာ 

ကမ္ဘောဒီးယားနိုင်ငံ၌ လာမည့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ နိုင်ငံအနောက်မြောက်ပိုင်း စီယံရိ(ပ်)ပြည်နယ်ရှိ အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်း ဆင်စီးခွင့်ကို တားမြစ်ပိတ်ပင်တော့မည်ဖြစ်ကြောင်း အန်ကောဝပ်ဘုရားကျောင်း အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လောင်ကိုဆယ်လ်က ပြောကြားခဲ့သည်။

အန်ကောဝပ် ရှေးဟောင်းနယ် မြေအတွင်း ကမ္ဘာလှည့်ခရီးသွားများကို လိုက်လံပို့ဆောင်ပေးနေသည့် ဆင် ၁၄ ကောင်ရှိပြီး ယင်းတို့အနက် နှစ်ကောင်ကို နိုဝင်ဘာ ၁၄ ရက်က တောထဲသို့ ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း၊ ကျန်သည့်ဆင်များကိုလည်း ယခုနှစ်ကုန်တွင် ဘေးမဲ့လွှတ်ပေး တော့မည်ဖြစ်ကြောင်း ကိုဆယ်လ်က ဖြေကြားခဲ့သည်။

လာမည့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစတင်ကာ အန်ကောဝပ် ဘုရားကျောင်းအတွင်း ဆင်စီးလည်ပတ်မှုများ ရှိတော့မည်မဟုတ်ကြောင်း ၎င်းကပြောသည်။ ဆင်များကို တောထဲသို့ ပြန်ပို့ပြီးနောက်တွင်လည်း ယင်းဆင်များကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့များက ဆက်လက်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အန်ကောဝပ် ရှေးဟောင်းနယ်မြေကို ၁၉၉၂ ခုနှစ်တွင် ယူနက်စကိုအဖွဲ့က ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံးခရီးသွားနယ်မြေ ဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမ ၁ဝ လအတွင်း ဘုရားကျောင်းနယ်မြေသို့ ကမ္ဘာလှည့် ခရီးသွားလာရောက်မှု ၁ ဒသမ ၈ သန်းရှိခဲ့ပြီး ဝင်ကြေး လက်မှတ်ရောင်းချငွေ အမေရိကန် ဒေါ်လာ ၈၀ ဒသမ ၇ သန်းအထိ ရရှိခဲ့သည်။

ဆင်ဟွာ