မုံရွာ ၂၁ ဖေဖော်ဝါရီ
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄)ခု၌ စာစစ်ဌာန(၃၁)ခုဖြင့် ဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ကြောင်း မုံရွာခရိုင် အခြေခံပညာ ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇံအောင်၏ ပြောကြားချက်အရ သိရသည်။
၂ဝ၁၉ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်အတွင်း စာစစ်ဌာန (၁၅)ခုဖြင့် လည်းကောင်း၊ ဘုတလင်မြို့နယ်တွင် စာစစ်ဌာန (၆)ခုဖြင့် လည်းကောင်း၊ ချောင်းဦးမြို့နယ်အတွင်း စာစစ်ဌာန (၂)ဖြင့် လည်းကောင်း၊ အရာတော်မြို့နယ်အတွင်း စာစစ်ဌာန (၈)ခုဖြင့် လည်းကောင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ကျောင်းသား/သူ (၁၇၄၁၆)ဦးတို့ စာရင်းပေးသွင်းထားကြောင်း မုံရွာခရိုင်အခြေခံပညာဦးစီးဌာနရုံး၏ မှတ်တမ်းများအရ သိရသည်။
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၄)ခု ထပ်မံတိုးမြှင့်ခဲ့ရာ စာစစ်ဌာန(၃၁)ခုထိ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄)ခုတွင် စာစစ်ဌာန(၂၇)ခုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


