ရန်ကုန် နိုဝင်ဘာ ၁
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိလာပါက ထိုက်တန်စွာဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ် မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုက်သင့်သည့် အောင်မြင်မှုများရရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် စခန်းဝင်အားကစားအဖွဲ့များ၏ စခန်းသွင်းစားစရိတ်ကိုတစ်ဦးလျှင် တစ်ရက် ငွေကျပ် ၅၀၀၀ နှုန်းမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်ကာငွေကျပ် ၁၂၀၀၀ နှုန်းထိ တိုးမြှင့်ထောက်ပံ့ပေးခဲ့သည့်အတွက် အားကစားသမားများအား ကယ်လိုရီစံနှုန်းများနှင့်ကိုက်ညီပြီး အာဟာရဖြစ်စေမည့် အစားအသောက်များကို တစ်ရက်လျှင် ခြောက်ကြိမ်နှုန်းဖြင့် ကျွေးမွေးနိုင်ခဲ့သည့်အပြင် အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
မြန်မာ့အားကစားအောင်နိုင်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်(၇)ရပ်အနက် အဓိကဦးတည်ချက်ဖြစ်သည့် စခန်းဝင်အားကစားသမားများ၏ မိခင်ဖြစ်သော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကူညီထောက်ပံ့စေခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီထောက်ပံ့ပေးစေလိုကြောင်း၊ နိုင်ငံတော်အဆင့် ဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် ဝန်ကြီးဌာနများက ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်မှုများပြုလုပ်ပေးပြီး သင့်လျော်သည့် ရာထူးအဆင့်များ တိုးမြှင့်ပေးခြင်း၊ အလုပ်အကိုင်များဖန်တီး၍ ဂုဏ်ပြုပေးစေလိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ကော်မတီဝင်များနှင့် ပထမအကြိမ် စတင်ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသူများအနေဖြင့် မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီ သက်ဝင် လှုပ်ရှားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာ့အားကစား အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် အစည်းအဝေးတက်ရောက် လာကြသူများက မြန်မာအားကစားအဖွဲ့အောင်နိုင်ရေး၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အောင်မြင်မှုများရရှိလာပါက ဂုဏ်ပြုထောက်ပံ့ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် သက်ဆိုင်ရာကဏ္ဍများအလိုက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားဖြင့် အမိမြန်မာနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်အောင် အင်ပြည့်အားပြည့် ပါဝင်ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


