ရန်ကုန် ဒီဇင်ဘာ ၃
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်သို့ လေ့ကျင့်ရေးပစ္စည်းများ လှူဒါန်းခြင်းနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရိုးရာလက်ဝှေ့ရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံမွေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏက ကျေးဇူးတင်စကားပြောကြားပြီး IMAKI Company မှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းအကြောင်း ပြောကြားသည်။
ဆက်လက်၍ IMAKI Company မှ လက်ဝှေ့သင်ထောက်ကူပစ္စည်းများ၊ ကိုမင်းသူ (မောင်းမကန် အိမ်ခြံမြေနှင့်သူငယ်ချင်းများ)က ငွေကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံမွေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အမှူဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦးတို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစ်ဘောက်ဆင် အားကစားနည်းတွင် အမျိုးသား ငါးဦး၊ အမျိုးသမီးသုံးဦး၊ မွေအားကစားနည်းတွင် အမျိုးသား ကိုးဦး၊ အမျိုးသမီးလေးဦးတို့သည် ၄၅ ကီလိုတန်းမှ ၇၅ ကီလိုတန်းအထိ အားကစားနည်း နှစ်မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗလ


