ရန်ကုန်  စက်တင်ဘာ  ၁၁

ထိုင်းနိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးအစားကိုးမျိုး ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်ရာ  မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း  အားကစားအဖွဲ့က ပြိုင်ပွဲအမျိုးအစား ခုနစ်မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုး အစားကိုးမျိုးပါဝင်ပြီး ကျွန်တော်တို့က  ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး အတွက်   ၂၀၂၄   ခုနှစ်   ဩဂုတ်လလောက်ကစပြီးတော့ နေပြည်တော်မှာ     စခန်းသွင်းလေ့ကျင့်ဖို့   အစပျိုးခဲ့တာဖြစ်ပါတယ်။ အမျိုးသားပွဲတွေကျတော့လည်း သက်ဆိုင်ရာဌာနတွေကို ခဏပြန်ပေးရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ပြန်လည် စုစည်းပြီးတော့ နေပြည်တော်မှာပဲ စခန်းသွင်း လေ့ကျင့်ပါတယ်။ အဲဒီကနေမှတစ်ဆင့်  ငလျင်ဘေးအန္တရာယ်ဖြစ်လာတဲ့အချိန်မှာ နေပြည်တော် ကနေ    ရန်ကုန်ကိုပြောင်းပြီးတော့   လေ့ကျင့်နေပါတယ်။ နေပြည်တော်က ကစားကွင်းတွေ     ပြုပြင်ပြီးတာနဲ့ နေပြည်တော်မှာ ဆက်လေ့ကျင့်သွားမှာပါ”ဟု မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်     အလုပ်အမှုဆောင်  ဦးထွဋ်ခိုင်ဝင်းက ပြောသည်။ 

မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေဖြင့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင် ထိုင်းအသင်းနှင့်   အဓိကထားယှဉ်ပြိုင်၍ ဆုတံဆိပ်များလုရမည်ဖြစ်ကြောင်း၊ မြန်မာအသင်း အနေဖြင့် Event နှစ်မျိုး၊ သုံးမျိုးကို ရွှေမှန်းထားပြီး   ကျန် Event များကို   ဆုတံဆိပ်မလွတ်စေရန် ရည်မှန်းပြင်ဆင်ထားကြောင်း သိရသည်။

မြန်မာပိုက်ကျော်ခြင်း အားကစားသမားများသည် တစ်ပတ်လျှင် ငါးရက်လေ့ကျင့်လျက်ရှိပြီး  နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ်  လေ့ကျင့်လျက်ရှိကြောင်း၊  ကမ္ဘောဒီးယားနိုင်ငံတွင်    ကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင်   မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း  အားကစားအဖွဲ့သည် နိုင်ငံအတွက်  ရွှေတံဆိပ်နှစ်ခု၊  ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း  သိရသည်။

လင်းရာမ