ရန်ကုန်  ၁၃  မတ် 

ဂျပန်ဖောင်ဒေးရှင်းနှင့် ဝဿန်ရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့တို့      ပူးပေါင်း၍  "ကာတွန်းများဖန်တီးကြစို့" ခေါင်းစဉ်ဖြင့် (၄) ကြိမ်မြောက် Animation Workshop ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ကျင်းပသည်။

 

1

 

ရှေးဦးစွာ ဂျပန်ဖောင်ဒေးရှင်းဒါရိုက်တာ Mr. Koji Sato နှင့် ပြန်ကြားရေးဝန်ကြီး ဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ  ညွှန်ကြားရေးမှူး ဦးသိန်းနိုင် တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ယင်းနောက် နည်းပညာဆရာ တိုရှိခဆု ဝါဒါ က ရိုးရာပုံပြင်များကို Animation ပြုလုပ်ခြင်းအကြောင်းနှင့် သင်ကြားပို့ချမည့်ပုံစံကိုလည်းကောင်း၊ နည်းပြဆရာမ အိခုကို အိဝဆုကိ က သဘာဝပတ်ဝန်းကျင်မှ သစ်ပင်များ ပိုးမွှားတိရစ္ဆာန်များကိုအခြေခံ၍ Stop Motion Animation ပြုလုပ်ပုံများနှင့် သင်ကြားပို့ချမည့်ပုံစံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး နည်းပြဆရာမ အိခုကို အိဝဆုကိ ၏ ကိုယ်ပိုင်လက်ရာ Animation များကို ပြသသည်။

ထို့နောက် နည်းပြဆရာ မိရိုင် မိဇုအ နှင့် ဒေါက်တာစန်းစန်းဦးတို့ ပူးပေါင်းပြီး ကလေးများအတွက် အရောင်အသွေးစုံ၍ အနုပညာမြောက်သော Animation ဖန်တီး ပြုလုပ်မှုအကြောင်းကို ရှင်းလင်းတင်ပြပြီး Animation ရုပ်ရှင်များ ပြသသည်။

“ဒီနေ့ကျင်းပတဲ့ Workshop က ဂျပန်ပညာရှင်တွေ လာရောက်ပို့ချတဲ့ Animation Workshop ပါ။ ဒီ  Workshop ကို ဝဿန်ရုပ်ရှင်ပွဲတော်ရယ်၊ ဂျပန်ဖောင် ဒေးရှင်းရယ် ပူးပေါင်းပြီး စီစဉ်တာပါ။ မြန်မာနိုင်ငံမှာ ဒီ Animation Workshopကို  ဂျပန်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး စီစဉ်တာ ဒါဆိုရင်လေးကြိမ်ရှိပါပြီ။ ၂၀၁၅ ခုနှစ်ကနေ စပြီး Animation Workshop တွေ စပြီး စီစဉ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကနေ ပညာရှင်တွေ ဖိတ်ပြီး မြန်မာနိုင်ငံမှာ Animation Workshop တွေကို စစီစဉ်ခဲ့ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့အကူအညီနဲ့ စီစဉ်ခဲ့ပါတယ်။ Animation Workshop ကို ၂၀၁၅ ၊၂၀၁၆၊ ၂၀၁၇ သုံးနှစ်ဆက်တိုက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး စီစဉ်ခဲ့ပါတယ်။  သုံးနှစ် ပြုလုပ်ခဲ့တဲ့ Animation Workshop တွေကို အခြေခံပြီး ဒီနှစ်မှာ ပထမသုံးနှစ် စီစဉ်ခဲ့တဲ့ ပညာရှင်တွေကို ဖိတ်ပြီးတော့ တစ်စုတစ်စည်းထဲ ၂၀၁၉ Animation Workshop ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနှစ် Animation Workshop ကတော့ ကလေးငယ်တွေ အတွက် အဓိကရည်ရွယ်ပါတယ်။ ပိုပြီး တမူထူးခြားဆန်းသစ်တဲ့ ကာတွန်းများ ဖန်တီးခြင်း ခေါင်းစဉ်နဲ့ ဂျပန်ပညာရှင်တွေ လာရောက်ပို့ချဖို့ စီစဉ်ထားပါတယ်”ဟု ဝဿန်ရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့စီစဉ်သူ ဦးသိဒ္ဓိ က ပြောသည်။

အဆိုပါ Animation Workshop ကို  မတ် ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်ပညာရှင် နည်းပြဆရာ သုံးဦးက ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး