နေပြည်တော် နိုဝင်ဘာ ၃
နေပြည်တော် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် လှည်းယဉ်ကြော့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြို့မအားကစားကွင်း၌ ပြုလုပ်သည်။
ဆုချီးမြှင့်ပွဲသို့ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသော လူမှုအဖွဲ့အစည်းဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ မြန်မာ့ရိုးရာလှည်းယဉ်ကြော့နှင့် နွားအလှပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်ကို ကျင်းပရာ သပြေချောင်းလှည်းယဉ်ကြော့က ပထမ၊ ရွှေဆည်သား လှည်းယဉ်ကြော့က ဒုတိယ၊ ညောင်ငါးပင်(ဥသျှစ်ကုန်း) လှည်းယဉ်ကြော့က တတိယနှင့် ကျားညီနောင်- ၂ လှည်းယဉ်ကြော့က အထူးဆု ရရှိကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အထူးဆုရရှိသည့် ကျားညီနောင်- ၂ လှည်းယဉ်အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆု ကျပ် ၁၀ သိန်း ကိုလည်းကောင်း၊ တတိယဆုရရှိသည့် ညောင်ငါးပင် (ဥသျှစ်ကုန်း) လှည်းယဉ်အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆု ကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွှေဆည်သားလှည်းယဉ်ကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆု ကျပ်သိန်း ၄၀ ကိုလည်းကောင်း၊ ပထမဆုရရှိသည့် သပြေချောင်းလှည်းယဉ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆုကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ တံခွန်စိုက်ဆုဖလားကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ကျန်ပြိုင်ပွဲဝင်လှည်းယဉ်များကို နေပြည်တော် ကောင်စီအတွင်းရေးမှူး ဦးဗိုလ်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေကျပ်ငါးသိန်းစီ ချီးမြှင့်သည်။ မြန်မာ့ရိုးရာလှည်းယဉ်ကြော့နှင့် နွားအလှပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်လှည်းယဉ် ၂၈ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာ့ရိုးရာ လှည်းယဉ်ကြော့ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်တွင် ကျင်းပသည့် (၅၄)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် စတင်ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ မြန်မာ့ရိုးရာလှည်းယဉ်ကြော့ကို ပုဂံခေတ်ကတည်းက စတင်အသုံးပြုလာခဲ့ကာ အလှူမင်္ဂလာပွဲများ၊ မင်းခမ်းမင်းနားနှင့် လယ်ထွန်မင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


