နေပြည်တော်  ၁၅  မတ် 


ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပ်မြို့၌ မတ် ၁၃ ရက်က ကျင်းပသော (၇)ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့ရေး သဘောတူညီမှုဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့သည်။

 

1


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြင့်မားရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်နည်းပါးရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း ပေါင်းစည်းဆက်သွယ်မှုသည် အရေးပါသည့်အတွက် မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ထိရောက်ချောမွေ့စွာ ချိတ်ဆက်နိုင်ရန် လမ်းများ တိုးချဲ့ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တံတားသစ်များတည်ဆောက်ခြင်းနှင့် အနာဂတ် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာမဲခေါင်ဒေသခွဲ လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့ရေးမူဘောင် သဘောတူစာချုပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးဖြစ်ကြောင်း။


မူဘောင်အရ မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးကနဦး အကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှုစာလွှာကို နှစ်ဖက်အပြီးသတ်ညှိနှိုင်းခဲ့ပြီး ယခု အစည်းအဝေးတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ အခြားအဖွဲ့ဝင် နိုင်ငံများဖြင့် အလားတူစာလွှာများ လက်မှတ်ရေးထိုး အကောင်အထည်ဖော်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနဦး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးကို အပြည့်အဝ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မဟာမဲခေါင်ဒေသခွဲ မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး ကနဦးအကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှုစာလွှာကို ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E. Mr. Teerapon Rodprasert တို့က လက်မှတ်ရေးထိုးကြသည်။


ပြည်ထောင်စုဝန်ကြီးသည် မတ် ၁၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပ်မြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။ 


(သတင်းစဉ်)