နေပြည်တော်  ၁၃  မတ်

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် မတ် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မတ် ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးအား မတ် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ နိုင်ငံတော်ဧည့်ဂေဟာတွင် ကျင်းပရာ အစည်းအဝေး၌ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖန်ဘင်မင်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့သည်။ 

 

အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့်  ဘက်စုံကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ဖေါ်ဆောင်ရန် လက်တွေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖေါ်ရေးကိစ္စ၊ အထူးသဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ၊ အလုပ်သမား၊ ကျန်းမာရေး၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စနှင့် ပြည်သူအချင်းချင်းအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် သံတမန်ဆက်သွယ်မှု(၄၅) နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနား များ ကျင်းပရေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကဏ္ဍတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် VietnamExpo နှင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့်  ဗီယက်နမ်နိုင်ငံတကာ အစားအသောက်ပြပွဲ FoodExpo တို့တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များ ပါဝင် ပြသရေးအတွက် အားပေးတိုက်တွန်းရေးကိစ္စ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၊ အေဆမ်၊ မဲခေါင် ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရား များစသည့် ဒေသတွင်းနှင့်နိုင်ငံတကာ မျက်နှာစာများတွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကူအညီပေးရေးကိစ္စ၊ ဗီယက်နမ် နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ရာတွင် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို  ဆွေးနွေးခဲ့ သည်။  

 

အစည်းအဝေးအပြီးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှစ်ဦးက ပူးတွဲ ကော်မရှင်အစည်းအဝေး၏ သဘောတူဆွေးနွေးချက်မှတ်တမ်းအား လက်မှတ်ရေး ထိုးခဲ့ကြသည်။

 

အစည်းအဝေးသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးကျော်စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

 

အဆိုပါ ပူးတွဲကော်မရှင်အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အား မတ် ၁၁ ရက်က ကျင်းပခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ-တောင်အာရှ-တောင် ပစိဖိတ်ရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ငုယင်သက်ထန်းတို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။

 

မတ် ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဖန်ဘင်မင်းမှ မြန်မာကိုယ်စား လှယ်အဖွဲ့အား နိုင်ငံတော် ဧည့်ဂေဟာတွင် တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲ သို့ တက်ရောက်ခဲ့သည်။

 

ထို့နောက် ညနေ ၅နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုအားဝန်ကြီး ချုပ်ရုံးတွင် သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား နိုင်ငံ ရေး၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာ ဏကို ၂၀၂၀ ပြည့်နှစ် ရည်မှန်းချက်ဖြစ် သည့် အမေရိကန် ဒေါ်လာသန်း(၁) ထောင် ကျော်လွန်လာစေရေးကိစ္စရပ်များ အပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန်အထောက်အကူပြုရေးနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား အပြန်အလှန်လည်ပတ်မှု ပိုမိုမြှင့်တင်ခြင်းဖြင့် ချစ်ကြည်ရေး ပိုမိုကျစ်လစ် ခိုင်မာစေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်) 

 

MOIC with Viet Nam PM