နေပြည်တော်  ၃၁  အောက်တိုဘာ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး- ပန်းမြောင်ကားလမ်း တစ်လျှောက် လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA  အဖွဲ့က အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရွာဟောင်းတောကျေးရွာ၏ တောင်ဘက် မီတာ ၅၀ဝ ခန့်အကွာရှိ ကားလမ်းပုခုံး ဝဲယာဘက်မှ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး နှင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင်းပေါက်ကွဲခဲ့သည့် နေရာ၏ အရှေ့ဘက် ၂၅ မီတာခန့်တွင် ကွန်ကြူးပိုက်ဖြင့်ပြုလုပ်ထားသော အဝေးထိန်း မိုင်း တစ်လုံးအား ဖော်ထုတ်ရရှိခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ကားလမ်း ယာဘက် လမ်းပုခုံးတွင် ထောင်ထားသော အဝေးထိန်းမိုင်းတစ်လုံးအား AA  အဖွဲ့က အဝေးမှ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း။

 

မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် မိုင်းပေါက်ကွဲစဉ် ပန်းမြောင်ကျေးရွာဘက်မှ မြောက်ဦးမြို့သို့ ဆိုင်ကယ်စီးနင်းလာသော မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ မောင်ကျော်ထွန်း စိန်နှင့် အောင်တပ်ရပ်ကွက်နေ မောင်ကျော်နိုင်ထွန်းတို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သောကြောင့် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့သို့  ပို့ဆောင်၍ ဆေးဝါး ကုသမှုများ ခံယူစေလျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက် အရ သိရှိရသည်။

 

(သတင်းစဉ်)