ရန်ကုန်  ဇူလိုင်  ၁၄

မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းသည်   ၂၀၂၅  အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ်   သွားရောက်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ   ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက်    ကြိုတင်ပြင်ဆင်သည့်အနေဖြင့်    ဇူလိုင်   ၁၉  ရက်မှ ၃၀   ရက်အထိ  တရုတ်နိုင်ငံ၌ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး တရုတ်ယူ-၂၀ အသင်း၊ တရုတ်အမျိုးသမီးကလပ်အသင်း အပါအဝင်   ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစမ်းပွဲများအဖြစ် ဇူလိုင် ၂၃ ရက်၊ ၂၆ ရက်တွင် တရုတ် ယူ-၂၀ အသင်း၊   ဇူလိုင်   ၃၀  ရက် တွင်      တရုတ်အမျိုးသမီးကလပ် ချောင်ချွန်အသင်းတို့နှင့် ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်   အာရှဖလားအမျိုးသမီးခြေစစ်ပွဲအပြီးတွင်  ရက်ပိုင်းသာအနားယူကာ ပြန်လည်လေ့ကျင့်လျက်ရှိပြီး ဒဏ်ရာကြောင့် အာရှဖလားခြေစစ်ပွဲ လွဲချော်ခဲ့သည့် အသင်း ခေါင်းဆောင်    ခင်မာလာထွန်းလည်း  ပဏာမလူစာရင်းတွင် ပြန်လည်ပါဝင်လာသည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည်  ပဏာမကစားသမား  ၃၀ ကျော်ဖြင့် လေ့ကျင့်နေပြီး တရုတ် ခြေစမ်းခရီးစဉ်သို့ ကစားသမား ၂၄ ဦး ခေါ်ဆောင်သွားမည်ဖြစ်ကာ အာဆီယံပြိုင်ပွဲအတွက်    အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်ရမည်ဖြစ်သည်။

၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး  အသင်း စုစုပေါင်း   ရှစ်သင်း   ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အုပ်စု (က) တွင်   အိမ်ရှင် ဗီယက်နမ်၊  ထိုင်း၊ အင်ဒိုနီးရှား၊   ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင်  လက်ရှိချန်ပီယံ ဖိလစ်ပိုင်၊ မြန်မာ၊ ဩစတြေးလျ၊ တီမောအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည်  အုပ်စုပွဲများ အဖြစ်   ဩဂုတ်  ၇   ရက်တွင် ဩစတြေးလျအသင်း၊ ဩဂုတ် ၁၀ ရက်တွင် တီမောအသင်း၊ ဩဂုတ် ၁၃ ရက် တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မောင်ညီ၊ ဓာတ်ပုံ-သော်ကြီး