ရန်ကုန် ဒီဇင်ဘာ ၂၉
၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၉ ရက်က ထိုင်းနိုင်ငံ၌ကျင်းပရာ မြန်မာအသင်း တတိယဆုရရှိခဲ့သည်။
တတိယလုပွဲတွင် မြန်မာအသင်းက ဗီယက်နမ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ တွင် အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုပွဲတွေ့ဆုံရာတွင် ဗီယက်နမ်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း တတိယလုပွဲ ပြန်လည်တွေ့ဆုံရာတွင် ရှုံးကြွေးပြန်ဆပ်ကာ အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ ဖူဆယ်အသင်းသည် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲအစတွင် ရုန်းကန်ခဲ့ရသော်လည်း တစ်ပွဲထက်တစ်ပွဲ ကစားပုံနှင့် စွမ်းဆောင်ရည်ပိုကောင်းလာကာ တတိယဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲကို ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ပြီး အဆင့်(၁)နေရာရ အိမ်ရှင်ထိုင်းအသင်းနှင့် အဆင့်(၂)နေရာရ အင်ဒိုနီးရှားအသင်းက ဗိုလ်လုပွဲ၊ အဆင့်(၃)နေရာရ ဗီယက်နမ်အသင်းနှင့် အဆင့်(၄)နေရာရ မြန်မာအသင်းက တတိယလုပွဲ ပြန်လည်ကစားရခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်က ပထမဆုံးကျင်းပသည့် ၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ပထမ၊ အိမ်ရှင်ထိုင်းအသင်းက ဒုတိယ၊ မြန်မာအသင်းက တတိယဆုရရှိခဲ့သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF


