ရန်ကုန်    ဇူလိုင်    ၂၁

၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲ  အုပ်စုနောက်ဆုံးနေ့ကို ဇူလိုင် ၂၂  ရက်တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည်  ထိုင်းအသင်းနှင့်  ကစားရမည်ဖြစ်သည်။

အုပ်စု(ခ)နှင့် (ဂ)  နောက်ဆုံးပွဲများကို  ဇူလိုင်  ၂၂  ရက်   မြန်မာစံတော်ချိန် ည    ၇    နာရီခွဲတွင် တစ်ချိန်တည်း  ကစားမည်ဖြစ်ပြီး ဂျကာတာမြို့ရှိ ဘန်ကာနိုကွင်း၌ ဗီယက်နမ်အသင်းနှင့်   ကမ္ဘောဒီးယားအသင်း၊  ဘီကာဆီမြို့ရှိ Patriot Chandrabhaga ကွင်း၌ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အုပ်စု(ခ)တွင်  ဗီယက်နမ်အသင်းက  တစ်ပွဲကစား သုံးမှတ်၊ ကမ္ဘောဒီးယားအသင်းက တစ်ပွဲ ကစား တစ်မှတ်၊ လာအိုအသင်းက ပွဲကုန်နှစ်ပွဲကစား တစ်မှတ်၊ အုပ်စု(ဂ)တွင် ထိုင်းအသင်းက တစ်ပွဲကစား   သုံးမှတ်၊ မြန်မာအသင်းက တစ်ပွဲကစား တစ်မှတ်၊ တီမောအသင်းက ပွဲကုန်နှစ်ပွဲ ကစား တစ်မှတ်ရရှိထားသည်။

မြန်မာအသင်းသည်    အုပ်စုပထမပွဲတွင်  တီမောအသင်းကို အနိုင်မကစားနိုင်ဘဲ  သရေကျခဲ့သဖြင့် နောက်တစ်ဆင့်တက်ရောက်ခွင့်ရရန်  ထိုင်းအသင်းကို မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မြန်မာအသင်းသည်တီမောနှင့်ပွဲတွင် အကြိမ်ကြိမ်ဦးဆောင်ပြီးမှ  လေးဂိုးစီ  သရေကျခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းမှာမူ တီမောအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည်   ယခုနှစ် အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအနက် ပထမဆုံးပြိုင်ပွဲ   ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး နည်းပြသစ် ဂျပန်နိုင်ငံသား    ကူရိုဆာကီ လက်ထက် နိုင်ငံတကာပွဲများတွင်  နိုင်ပွဲမရသေးသည့် မှတ်တမ်းဆိုးကိုလည်း ရပ်တန့်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။    

ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF