နေပြည်တော် ဒီဇင်ဘာ ၉
အာဆီယံအဆင့်မြင့်အရာရှိကြီးများအဆင့် ရုပ်သံအစီအစဉ် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (SOMRI WG_CP) ၏ ဒသမအကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရုပ်သံအစီအစဉ် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းအစုအဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် အာဆီယံဒေသတွင်း ရုပ်သံအစီအစဉ်များ ထုတ်လုပ်မှုနှင့်စပ်လျဉ်းပြီး ဆုံးဖြတ်ချက်ချမှုများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ အာဆီယံ သတင်းမီဒီယာ ကဏ္ဍဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် ချိတ်ဆက်ပြီး စီမံကိန်းများ ဆောင်ရွက်မှု၊ စီမံကိန်းအသစ်များ အဆိုပြုလွှာ တင်သွင်းမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့အတူ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အာဆီယံ သတင်းမီဒီယာကဏ္ဍဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၅) အား ရေးဆွဲအတည်ပြုနိုင်ရေး၊ အာဆီယံ ဆက်သွယ်ရေး မဟာဗျူဟာစီမံကိန်းအမှတ်(၃) (၂၀၂၆-၂၀၃၀) ရေးဆွဲဆောင်ရွက်နေမှု၊ ဒုတိယ အကြိမ်မြောက် SOMRI Chairs, WG-Chairs and SCI Chair and Vice-Chair Persons များ၏ အစည်းအဝေး ဆွေးနွေးမှုရလဒ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အာဆီယံအဆင့်မြင့်အရာရှိကြီးများအဆင့် အာဆီယံရုပ်သံအစီအစဉ် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့သည် အာဆီယံဒေသတွင်း ရုပ်သံအစီအစဉ်များ ထုတ်လုပ်မှုအရည်အသွေး မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကာ ၂၀၂၆ ခုနှစ်တွင် (၁၁) ကြိမ်မြောက် WG_CP အစည်းအဝေးကို လက်ခံကျင်းပရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


