နေပြည်တော် ဒီဇင်ဘာ ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် အေလာမြို့ အခြေအခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အေလာမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူ လူငယ်များကို အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေကာ ယဉ်ကျေးလိမ္မာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စိတ်ဓာတ်ခွန်အားများ ရရှိစေရန်အတွက် ရည်ရွယ်ကျင်းပသည့် လူငယ်အသိပညာပေး ဟောပြောပွဲဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာကို ကြိုးစားသင်ယူကာ ကျောင်းပြင်ပ ပညာများဖြစ်သည့် နိုင်ငံတကာနှင့်ပတ်သက်သည့် အထွေထွေ ဗဟုသုတ၊ အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာစကား၊ ခေတ်မီတိုးတက်လာသည့် IT နည်းပညာ အပါအဝင် အခြားသောနည်းပညာများကို မျက်ခြည်မပြတ်လေ့လာတတ်ကျွမ်းအောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်) အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး အေလာမြို့အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ဆက်လက်၍ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကား ပြောကြားကာ အေလာမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
အခမ်းအနား ဒုတိယပိုင်းတွင် အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုး (တိရစ္ဆာန်ဆေးကု ဆရာဝန်)က စည်းကမ်းတန်ဖိုးနှင့် မူးယစ်ဆေးအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ နေပြည်တော်လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက ဉာဏ်စမ်းပဟေဠိ မေးမြန်းပြီး ကျောင်းသား ကျောင်းသူများအား ဌာနဆိုင်ရာအကြီးအကဲများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


