နေပြည်တော် ၃၁ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန အားကစားနည်းပြများ မွမ်းမံသင်တန်း(၁/၂၀၁၉)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် Multipurpose Hall ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အားကစားနည်းပြကောင်းများ ပေါ်ထွန်းလာစေရေး၊ နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရေးအတွက် ရည်ရွယ်ပါကြောင်း၊ အားကစားနည်းပြ(၁)လသင်တန်းအား စဉ်ဆက်မပြတ် စီမံကိန်းများဖြင့် (၄)လတစ်ကြိမ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး (၁)နှစ်ကို (၃)ကြိမ်ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် နောက်ပိုင်းတွင် (၃)လ သင်တန်း၊ (၁)နှစ်သင်တန်းများ ဖွင့်လှစ်ပေးပြီး ဒီပလိုမာ ရရှိသည်အထိဘွဲ့များ ချီးမြှင့်အပ်နှင်းပေးမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်း အားဖြင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော နည်းပြများ ဆောင်ရွက်ရမည့် Training Theory များ နည်းဥပဒေများ၊ စည်းမျဉ်းစည်း ကမ်းများ၊ ပြိုင်ပွဲများတွင်လည်း လက်ရှိကျင့်သုံးနေသော ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို လွယ်လင့်တကူသိရှိနားလည်လာမှာဖြစ်ပါကြောင်း၊ Administration နှင့်သက်ဆိုင်သော ဘွဲ့များ ပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှာ သင်ကြားပို့ချလိုက်သော သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် အထူးကြိုးစားကြဖို့ လိုအပ် ကြောင်း၊ ယခု သင်တန်းမှ ထူးချွန်ထက်မြက်သော နည်းပြကောင်းများကို နိုင်ငံခြားသို့ ပညာတော် သင်စေလွှတ်ပြီး လေ့လာဆည်းပူးခွင့်ရအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်း၏ သင်ခန်းစာများကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ကိုးကားပြီး လေ့လာဆည်းပူးကြ စေလို ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင်လည်း အကျိုးရှိရှိ ပြန်လည်အ သုံးချကြစေလိုကြောင်း၊ အားကိုးထိုက်သော အရည်အချင်း ပြည့်ဝသည့် နည်းပြကောင်းများဖြစ်လာအောင် အထူးကြိုးစား ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သင်တန်းသား ကိုယ်စားလှယ် (၂)ဦး အား သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်သည်။
အဆိုပါ အားကစားနည်းပြသင်တန်း (၁/၂၀၁၉)တွင် သင်တန်းသား (၁၀)ဦး၊ သင်တန်း သူ(၂၀)ဦး စုစုပေါင်း (၃၀)ဦးတို့ တက်ရောက်သင်ကြားပြီး မေ ၆ ရက်မှ မေ၃၁ ရက်အထိ သင်ကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


