ကဘူးလ် ၂၀ နိုဝင်ဘာ
တာလီဘန်အဖွဲ့က ပြန်ပေးဆွဲထားသည့် အမေရိကန်နိုင်ငံသားနှင့် ဩစတြေးလျနိုင်ငံသား ပါမောက္ခများနှင့် လဲလှယ်ရန် တာလီဘန်အကျဉ်း သားသုံးဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြသည်။
အန်နက်စ်ဟက်ကွာနီနှင့် အခြား Haqqani ကွန်ရက်အဖွဲ့ဝင် အကျဉ်းသားနှစ်ဦးကိုဘာဂရမ်မြို့မှ ပြန်လွှတ်ပေးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း တိုလိုနယူးစ် ရုပ်မြင်သံကြား မှ ထုတ်လွှင့်ခဲ့သည်။
အာဖဂန်နစ္စတန်၏ နိုင်ငံတကာ မိတ်ဖက်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်တွင် တာလီဘန် အကျဉ်းသားသုံးဦးကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်းအာဖဂန်သမ္မတမိုဟာမက် အက်ရှ်ရက်ဖ်ဂါနီက ပြောကြားခဲ့သည်။
အခြေအနေအရ အကျဉ်းသားများကို ပြန်လွှတ်ပေးရခြင်းဖြစ်ပြီး ထိုသို့လွှတ်ပေးခြင်းက အာဖဂန်ပဋိပက္ခအတွက် ဆွေးနွေး ညှိနှိုင်းရေး တာလီဘန်များနှင့် တိုက်ရိုက်ပြောဆိုရန် လမ်းပွင့်သွားမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။
တာလီဘန်တို့ ဖမ်းဆီးခဲ့သည့် ပါမောက္ခနှစ်ဦးသည် အာဖဂန်ရှိ အမေရိကန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လက ကဘူးလ်မြို့ အနောက်တောင်ဘက်ရှိ တက္ကသိုလ် အဆောက်အအုံအနီးတွင် ပြန်ပေးဆွဲ ခံခဲ့ရသည်။
သို့ရာတွင် ပါမောက္ခနှစ်ဦးလွတ်မြောက်ခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။ ဟက်ကာနီ ကွန်ရက်ကို ၂၀၁၂ ခုနှစ်တွင် အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။
ဆင်ဟွာ


