၇ အောက်တိုဘာ

 

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း Kunduz ပြည်နယ်တွင် ယမန်နေ့ညပိုင်းက တိုက်ပွဲများဖြစ်ပွားသဖြင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးနှင့် စစ်သွေးကြွ ၁၈ ဦးသေဆုံးခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ပြောကြားခဲ့သည်။

 

 

ကာလေအိုင်ဇယ်လ်ခရိုင်တွင် တာလီဘန်စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များဖြင့် တိုက်ခိုက်ခဲ့ကြပြီးနောက်ပိုင်း ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သွေးကြွရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတာလီဘန် တိုင်းတပ်မှူး Quraishi လည်း သေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါပြည်နယ်သည် လုံခြုံရေးတပ်ဖွဲ့များနှင့် တာလီဘန်တို့အကြား ကာလရှည်ကြာ တိုက်ပွဲများ ဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။

 

 

အာဖဂန်နိုင်ငံ၏ ပြည်နယ် ၃၄ ခုတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် တာလီဘန်တို့အကြား တိုက်ပွဲများ အများစု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို