ကဘူး ၆ အောက်တိုဘာ
အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ကွမ် ဒုဇ်ပြည်နယ် ကွာလာအီဇဲလ်ခရိုင်တွင် အောက်တိုဘာ ၆ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် သောင်းကျန်းသူများ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦးနှင့် သောင်းကျန်းသူ ခြောက်ဦးတို့ သေဆုံးခဲ့ကြောင်း ပြည်နယ်ကောင်စီ အကြီးအကဲ မိုဟာမက် ယူဆွတ်ဖ် အာယူဘီက ပြောကြားသည်။
အောက်တိုဘာ ၆ ရက် နံနက် ပိုင်းတွင် အကွီတီပါဒေသရှိ ကွာလာ အီဇဲလ်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်၏ ပြည်ပလုံခြုံရေး စစ်ဆေးရေးစခန်းကို တာလီဘန်စစ်သွေးကြွများက တိုက်ခိုက်မှုပြုရာမှ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ် အကြာထိ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် တာလီဘန် စစ်သွေးကြွခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ သေဆုံးခဲ့ကြောင်း ပြည်နယ်ကောင်စီ အကြီးအကဲက ပြောကြားသည်။
တာလီဘန်စစ်သွေးကြွ နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့လည်း ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာများ ရရှိခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တာလီဘန်စစ်သွေးကြွများက ဒုံးကျည် တစ်စင်းဖြင့် ပစ်ခတ်မှုကြောင့် ဒေသတွင်းရှိ မိန်းကလေးများ တက်ရောက်သည့် စာသင်ကျောင်း အဆောက်အအုံတစ်လုံး ပျက်စီးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဇော်ဝင်း


