ရန်ကုန်      စက်တင်ဘာ      ၁၅

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲအတွက် စက်တင်ဘာ ၁၅ ရက်တွင် ပြန်လည်လေ့ကျင့်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ရက်ပိုင်းအနားယူကာ စက်တင်ဘာ ၁၅ ရက်  နံနက်ပိုင်းမှစ၍  ပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် ပတ္တရားပီခွန် (ထိုင်း) သည် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ကစားသမား ၁၈ဦး ခေါ်ဆောင်သွားသည်။ ၎င်းကစားသမားများအနက် သုံးဦးလျှော့ချကာ ၁၅ ဦးဖြင့် ပြန်လည်လေ့ကျင့်နေခြင်းဖြစ်ပြီး တစ်ဦး ထပ်မံလျှော့ချမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလား ဖူဆယ်ခြေစစ်ပွဲအတွက် သြဂုတ် ၄ ရက်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အာရှဖလားဖူဆယ်ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(H)၌ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်အသင်းတို့နှင့် ကျရောက်နေပြီး စက်တင်ဘာ  ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲအုပ်စု(H) ပွဲစဉ်များအဖြစ်   စက်တင်ဘာ ၂၀ ရက်တွင်   အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက်၊   စက်တင်ဘာ ၂၂ ရက်တွင်   မြန်မာနှင့်  မော်လ်ဒိုက်၊ စက်တင်ဘာ ၂၄ ရက်တွင် မြန်မာနှင့်အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။     

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF