နေပြည်တော် အောက်တိုဘာ ၂၈

 

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီ(၈)ရပ် အနက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအနေဖြင့်  အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အရ ကျူးလွန်သူကို တရားစွဲဆိုခြင်း၊  ကလေးသူငယ်ကို  အကာအကွယ်ပေးခြင်း၊ လိုအပ်သော ထောက်ပံ့မှုများ ပေးခြင်းတို့ကို အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးလုပ်သား စစ်တမ်း၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုရှိ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော  ကလေးသူငယ် ၈၂ ဦးတို့အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့် အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်   အကောင်အထည်ဖော်မှု  အခြေအနေ နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများကို အမျိုးသားကော်မတီသို့ ပုံမှန်ပေးပို့တင်ပြလျက် ရှိပါကြောင်း၊ အရည်အသွေး ပြည့်ဝသော လုပ်သားကောင်းများ ရရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီး ဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် သက်မွေးပညာ  သင်တန်းများကို သင်ကြားလေ့ကျင့် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ်စီမံချက်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိဖြစ်ပြီး လုပ်ငန်းကော်မတီအနေဖြင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်တွင်  ပါရှိသော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း တင်ပြကြရာ ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသည့် အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်၊ အဆိုးရွားဆုံး ပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့ သတင်းပို့ရန်၊  ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေနှင့်အညီ ကလေးအားအကောင်းဆုံး အကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်၊၊  

 

သတင်းစဉ်