ရန်ကုန် နိုဝင်ဘာ ၃

 

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ကြီးမှူးကျင်းပသော “ဆဋ္ဌမအကြိမ်မြောက် အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့ရှိ MICT Park ညီလာခံခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာနှင့်ပြည်တွင်းမှ နည်းပညာပညာရှင်များ၊ သုတေသီများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာအသင်းများ၊ အင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ Polytechnic University များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာဆရာမများ၊ သုတေသနစာတမ်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ICAIT 2025 ညီလာခံသည် နည်းပညာအသစ်များ၊ အတွေးအခေါ်များနှင့် အသိပညာများကို မျှဝေဖလှယ်နိုင်သည့် အကောင်းဆုံးသော အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ကာ သုတေသနစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ICAIT 2025 ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်သည့်အတွက် စာတမ်းရှင် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ သုတေသနပညာရှင်များ၏ စွမ်းစွမ်းတမံအားထုတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

ထို့နောက် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး Sponsor/ IT ကုမ္ပဏီများနှင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

အဆိုပါ ညီလာခံကို Online နှင့် Onsite (Hybrid) စနစ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး Online မှ စာတမ်း ဖတ်ကြားသူ ၁၆ ဦး၊ Onsite မှ စာတမ်းဖတ်ကြားသူ ၃၇ ဦး စုစုပေါင်း သုတေသနစာတမ်း ၅၃ စောင်ကို တင်သွင်းဖတ်ကြားခဲ့ပြီး ICAIT 2025 ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အခြားသော Sponsor/ IT ကုမ္ပဏီများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)