မြင်းခြံ ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အစိုးရနည်းပညာကောလိပ်(မြင်းခြံ)၏ ပင်မဆောင်ရှေ့တွင် ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယအကြိမ် ကျောင်းသင်္ကြန်ကို မတ် ၁၀ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းသင်္ကြန်ပွဲတော်တွင် ကျောင်းအုပ်ကြီး ဒေါက်တာလေးမာန်ဝင့်က အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းမော်ကွန်းထိန်း ဒေါ်တင်နုကြည်က ယခုနှစ်တွင် ယိမ်းအဖွဲ့(၁၀)ဖွဲ့ရှိပြီး ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသူလေးများမှ အကများဖြင့် ဖျော်ဖြေခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများမှလည်း လိုက်ပါကပြပြီး ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ ကျောင်းသင်္ကြန် ဖြစ်မြောက်ရေးအဖွဲ့မှလည်း မိမိတို့ယခုလိုပြုလုပ်ပေးခြင်းမှာ မကြာမီစာမေးပွဲများ ဖြေဆိုရတော့မည်ဖြစ်ရာ စိတ်ဖိစီးမှုများ လျော့ပါးစေရန်နှင့် ကျောင်းမပိတ်မီ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေရန်တို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရနည်းပညာကောလိပ်(မြင်းခြံ)၏ ဒုတိယအကြိမ် ကျောင်းသင်္ကြန်တွင် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းများကို စတုဒိသာကျွေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့အဖြစ် ယိမ်းအကများ (၁၀) ဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်း၊ DJ များဖြင့် ဖျော်ဖြေခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင်


