နေပြည်တော် အောက်တိုဘာ ၁၈

အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး တောင်သူပညာ ပေးသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် ကံဦးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ နှင့်အတူ တက်ရောက်သည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့် တောင်သူများ၏ ဒေသစိုက်ပျိုး ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တောင်သူများအတွက် သဘာဝ မြေဩဇာများပေးအပ်သည်။

 

ထို့နောက် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်ဝင်ငွေတိုး စီမံကိန်းလုပ်ငန်းမှ တစ်ပိုင်တစ်နိုင် လုပ်ငန်းထူထောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး ဝင်ငွေတိုးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဆိုလျှင် သုံးနှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းကို ဆောင်ရွက်သည့် အခါ လိုအပ်သည့် နည်းပညာပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးခြင်းတို့အပြင် တစ်ပိုင်တစ်နိုင် လုပ်ငန်း ငယ်များ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

 

ထို့ပြင် စားသောက်ကုန်၊ လူသုံးကုန်လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်မိမိတို့၏လုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင် ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာသည့် လုပ်ငန်းရှင်များက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ပါဝင်ဆွေးနွေးကြသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းရှင် များ၏ ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရန်အောင်မြင်ရေလှောင်တမံနှင့် ချောင်းမကြီး ရေလှောင်တမံရှိ ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ထို့အတူ ယမန်နေ့ကလည်း လယ်ဝေးမြို့နယ် ရာဇသိင်္ဂဟလမ်းမကြီးပေါ်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ၏ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်စေရေး အတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)