မန္တလေး ၁၆ အောက်တိုဘာ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက် အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်း မြောက်ဘက်ရှိ လူနေဆိုင်ခန်းများတွင် ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အခန်းအမှတ် (B-7/8) စတေကာနှင့် ကားလှဆင်ပစ္စည်းဆိုင်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်တို့ ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးငြှိမ်းသတ်ယာဉ် အစီး(၃၀)၊ အထောက်အကူပြု ရေသယ်ယာဉ် (၅)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အနံ ၈ ပေ၊ အလျား ၁၂ ပေ နံကပ်၊ သွပ်မိုး နှစ်ထပ်လူနေဆိုင်ခန်း (၅)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးသင်းကိုကိုဇင်အား အမှတ်(၅) မြို့မရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


